စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာက သူတို့အသင်းရဲ့ အဓိက ကွင်းလယ်လူ တဦး ဖြစ်သူ ဖရန်ကီ ဒီဂျောင်အား အသင်းကနေ ထွက်ခွာရင် ထွက်ခွာ ၊ မထွက်ခွာခဲ့ရင် လုပ်ခလစာ လျှော့ယူဖို့ အသိပေးထားပြီး အကယ်၍ လုပ်ခလစာ မလျှော့ယူခဲ့ရင် တရားစွဲဖို့ စီစဉ်ထားတဲ့ အကြောင်း အသိပေးခဲ့တယ်လို့ နာမည်ကြီး သတင်းထောက် ဒေးဗစ် အွန်စတိန်းက ဖော်ပြသွားခဲ့ပါတယ်။

ကိုဗစ်ကာလ အတွင်းမှာ ဘဏ္ဍာရေး အကြပ်အတည်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ဘာစီလိုနာက ယခု နွေဈေးကွက် အတွင်းမှာ အသင်းအတွက် ကစားသမားသစ် အများအပြားကို ခေါ်ယူ အားဖြည့်ထားပေမယ့် အဆိုပါ ကစားသမားတွေကို အသင်းရဲ့ လူစာရင်းထဲ ထည့်သွင်းနိုင်ဖို့ ဒီဂျောင်အပါအဝင် အသင်းရဲ့ ရှိရင်းစွဲ ကစားသမားတွေထဲက တချို့ကို ရောင်းထုတ်နိုင်ရန် လိုအပ်နေပါတယ်။

Photo Credit: Football 365

လက်ရှိမှာတော့ ဘာစီလိုနာက ဒီဂျောင် ၊ ဒီပေး ၊ ဘရိတ်ဝိတ်နဲ့ အမ်တီတီတို့ကို ရောင်းချဖို့ ဆုံးဖြတ်ထားပေမယ့် ဒီဂျောင်ကတော့ သူ့ကို အသင်းကနေ ထွက်ခွာစေချင်ရင် သူ့ဘက်က အသင်းအပေါ်ကနေ ရစရာ ရှိတဲ့ လုပ်ခလစာတွေအား အရင်ဆုံး ပေးချေရမယ်လို့ ဘာစီလိုနာကို အကြပ်ကိုင်ထားပါတယ်။

ဘာစီလိုနာက ဒီဂျောင်ကို ပရီးမီးယားလိဂ် အင်အားကြီးအသင်း နှစ်သင်း ဖြစ်တဲ့ ချယ်လ်ဆီးနဲ့ မန်ယူတို့ နှစ်သင်းထဲက တသင်းဆီ ရောင်းချဖို့ ဆုံးဖြတ်ထားပြီး ဒီဂျောင်သာ သဘောတူခဲ့ရင် အပြောင်းအရွှေ့ဟာ ခပ်မြန်မြန် ဖြစ်ပေါ်လာဖို့ ရှိနေပေမယ့် ဒီဂျောင်က အသင်းပြောင်းဖို့ ငြင်းဆန်နေတာကြောင့် ဒီဂျောင်ကို ရောင်းထုတ်ဖို့ ခက်ခဲနေပါတယ်။

Photo Credit: Football 365

နာမည်ကြီး သတင်းထောက် ဒေးဗစ် အွန်စတိန်းရဲ့ ဖော်ပြချက်အရ ဘာစီလိုနာက ပြီးခဲ့တဲ့ ဇူလိုင်လ ၁၅ရက်နေ့မှာ ဒီဂျောင်နဲ့ သူတို့အသင်းရဲ့ ဘုတ်အဖွဲ့ဟောင်းတို့ လုပ်ဆောင်ခဲ့ကြတဲ့ စာချုပ်မှာ ဥပဒေနဲ့ မညီတဲ့ အကြောင်းအရာတွေ ပါဝင်ပြီး အကယ်၍ ဒီဂျောင်အနေနဲ့ အသင်းကနေ ထွက်ခွာဖို့ ငြင်းဆန်တာ (သို့) လုပ်ခလစာ လျှော့ယူဖို့ ငြင်းဆန်တာတွေ လုပ်နေမယ် ဆိုရင် အဆိုပါ စာချုပ်ပါ အကြောင်းအရာတွေ အတွက် ဥပဒေကြောင်းအရ တရားစွဲတာမျိုး လုပ်ဆောင်သွားမယ်လို့ အသိပေးခဲ့ကြောင်း သိရပါတယ်။

ဆက်လက်ပြီး အွန်စတိန်းက ချယ်လ်ဆီးဟာ လက်ရှိမှာ ဒီဂျောင်ကို ခေါ်ယူဖို့ အလားအလာ အကောင်းဆုံး ဖြစ်နေသလို အကယ်၍ ဒီဂျောင်ကသာ သူတို့အသင်းဆီ ပြောင်းလာဖို့ သဘောတူမယ် ဆိုရင် ဒီဂျောင်အတွက် ဘာစီလိုနာဆီ ပြောင်းရွှေ့ကြေး ယူရို ၈၅သန်း ပေးချေဖို့ ပြင်ဆင်ထားသလို ဒီဂျောင်ဘက်က ဘာစီလိုနာဆီကနေ ရစရာရှိတဲ့ အကြွေးတွေကိုလည်း စိုက်ထုတ်ပေးဖို့ စီစဉ်ထားကြောင်း ပြောကြားထားပါတယ်။