စပိန်လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ ပြိုင်ဘက် ရှက်တာဒိုးနက်ကို အဝေးကွင်းမှာ ၁-၀ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ကာ ဒီရာသီ ချန်ပီယံလိဂ်နိုင်ပွဲဆက်နေမှု ရပ်တန့်သွားခဲ့ပါတယ်။ ဘာစီလိုနာက အုပ်စု စတုတ္ထမြောက်ပွဲ အဖြစ် ရှက်တာဒိုးနက်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ခဲ့ရပြီး ရှက်တာဒိုးနက်က ရုရှား-ယူကရိန်းစစ်ပွဲကြောင့် ဟမ်းဘက်မြို့မှာ ရှိတဲ့ ဗော့စ်စပက်ကွင်းမှာ ဘာစီလိုနာကို ဧည့်ခံ ကစားခဲ့ရပါတယ်။

ဘာစီလိုနာက အုပ်စုအဖွင့်ပွဲ ၃ပွဲဆက် အနိုင်ရထားတာကြောင့် ဒီနေ့မှာ ရှက်တာဒိုးနက်ကို အနိုင်ခဲ့ရင် ရှုံးထွက်အဆင့်ဆီ တက်ရောက်နိုင်မှာ ဖြစ်ပြီး ဘာစီလိုနာနည်းပြချုပ် ဇာဗီက အသင်းရဲ့ အတောင့်တင်းဆုံး လူစာရင်းကို အသုံးပြုကာ အနိုင် ၃မှတ် စုဆောင်းနိုင်ရေး အတွက် ပြင်ဆင်လာခဲ့ပါတယ်။

Photo Credit: BBC

ကြားကွင်းမှာ ကစားရတဲ့ ပွဲစဉ်ဖြစ်ပေမယ့် အိမ်ရှင် ရှက်တာဒိုးနက်ကလည်း ဘာစီလိုနာဆီကနေ ရမှတ် ခွဲဝေယူနိုင်ဖို့ အစွမ်းကုန် ကြိုးစားခဲ့ပြီး ပွဲချိန် ၄၀မိနစ်မှာတော့ ရှက်တာဒိုးနက် တိုက်စစ်မှူး ဆီကန်က ညာနောက်ခံလူ ဂိုချိုလိုင်ရှဗလီရဲ့ လှပတဲ့ ဖြတ်တင်ဘောကို အကောင်းဆုံး ခေါင်းတိုက် အဆုံးသတ်ကာ ရှက်တာဒိုးနက် အတွက် အဖိုးတန် အနိုင်ဂိုးကို သွင်းယူပေးသွားခဲ့ပါတယ်။

ဦးဆောင်ဂိုး ခွင့်ပြုပေးခဲ့ရပြီးနောက် ဘာစီလိုနာက တဖက်သတ် ဖိအားပေး တိုက်စစ်ဆင် ကစားခဲ့ပေမယ့် ဂိုးသွင်းနိုင်မယ့် အခွင့်အရေးတွေ မဖန်တီးနိုင်ခဲ့တာကြောင့် ဘောလုံးပိုင်ဆိုင်မှု အသာစီး ရခဲ့ရုံကလွဲရင် အဝေးကွင်းမှာ သွင်းဂိုး ၁ဂိုးမှ မရပဲ ရှက်တာဒိုးနက်ကို အရှုံးပေးခဲ့ရပါတယ်။

Photo Credit: Standard

ဒီနေ့နိုင်ပွဲကြောင့် ရှက်တာဒိုးနက်က အုပ်စုပွဲ ၄ပွဲ အပြီးမှာ ရမှတ် ၆မှတ် စုဆောင်းနိုင်မှုနဲ့အတူ ရှုံးထွက်အဆင့်ဆီ တက်ရောက်နိုင်ဖို့ မျှော်လင့်ချက် ရှိလာခဲ့ပြီး ရမှတ် ၉မှတ် စုဆောင်းထားနိုင်တဲ့ ဘာစီလိုနာကတော့ လက်ကျန် ၂ပွဲမှာ အနည်းဆုံး ၁ပွဲကို နိုင်အောင် ကစားရုံနဲ့ ရှုံးထွက်အဆင့်ဆီ တက်ရောက်နိုင်မှာပါ။

အချက်အလက်တွေအရ ဘာစီလိုနာက ရှက်တာဒိုးနက်ကို ၁၅နှစ် အတွင်းမှာ ပထမဦးဆုံးအကြိမ် ပြန်လည် ရှုံးနိမ့်ခဲ့တာ ဖြစ်တယ်လို့ သိရပြီး ယနေ့ပွဲမတိုင်မီမှာ ဘာစီလိုနာက ရှက်တာဒိုးနက်ကို အရေးနိမ့်ခဲ့တဲ့ ပွဲဟာ ၂၀၀၈ခုနှစ်မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဘာစီလိုနာ ၂-၃ ရှက်တာဒိုးနက် အုပ်စုပွဲပဲ ဖြစ်ပါတယ်။