MySport Myanmar

မန်စီးတီးနဲ့ စာချုပ်ကုန်တော့မယ့် ဂန်ဒိုဂန်ကို အလွတ်နဲ့ ခေါ်ဖို့ စောင့်ကြည့်နေတဲ့ ဘာစီ

စပိန်လာလီဂါ ထိပ်သီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာက ယခုနှစ် ဘောလုံးရာသီ အကုန်မှာ မန်ချက်စတာ စီးတီးနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ဝါရင့် ကွင်းလယ်လူ ဂန်ဒိုဂန်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ The Athletic သတင်းဌာနက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

အသက် ၃၂နှစ် အရွယ် ဂျာမဏီလက်ရွေးစင် ကွင်းလယ်လူ ဂန်ဒိုဂန်က မန်ချက်စတာ စီးတီးရဲ့ ဒုတိယ အသင်းခေါင်းဆောင် အဖြစ် တာဝန်ယူထားသူ ဖြစ်ပေမယ့် သူနဲ့ မန်ချက်စတာ စီးတီးတို့ရဲ့ ကြားမှာ ရှိနေတဲ့ စာချုပ်ဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ကုန်ဆုံးဖို့ ရှိနေသလို စာချုပ်သစ် အတွက် ဆွေးနွေးမှုတွေလည်း မရှိသေးပါဘူး။

Photo Credit: Goal

တဖက်မှာတော့ လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာက ဘဏ္ဍာရေး အကြပ်အတည်းနဲ့ ကြုံတွေ့နေရတာကြောင့်ပဲ အသင်းအတွက် ကစားသမား ဖြည့်တင်းမှု ပြုလုပ်ရာမှာ တန်ကြေးမြင့် ကစားသမားတွေ ခေါ်ယူရေးထက် အလွတ်ပြောင်းရွှေ့ကြေး (သို့) ပြောင်းရွှေ့ကြေး သက်သက်သာသာနဲ့ ရမယ့် ကစားသမားတွေကိုသာ ခေါ်ယူဖို့ ကြိုးစားနေတဲ့ အသင်းပါ။

သူတို့အသင်းရဲ့ ပြောင်းလဲထားတဲ့ ပေါ်လစီ အသစ်ကြောင့်ပဲ ဘာစီလိုနာက အရည်အသွေးမြင့် ကစားသမား တဦး ဖြစ်သလို အလွတ်ပြောင်းရွှေ့ကြေးနဲ့လည်း ရမယ့် ဂန်ဒိုဂန်ကို လာမယ့် နွေဈေးကွက်မှာ ခေါ်ယူဖို့ စဉ်းစားထားပြီး ဂန်ဒိုဂန်ကလည်း ဘာစီလိုနာဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေပါတယ်။

Photo Credit: The Sun

အပြောင်းအရွှေ့ သတင်းတွေနဲ့ ပတ်သတ်ရင် ယုံကြည် စိတ်ချရတဲ့ The Athletic သတင်းဌာနရဲ့ ဖော်ပြချက်အရ ဘာစီလိုနာက လာမယ့် နွေဈေးကွက် အတွင်းမှာ ဂန်ဒိုဂန်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ဘာစီလိုနာရဲ့ တာဝန်ရှိသူတွေက ဂန်ဒိုဂန်ရဲ့ အေးဂျင့်ထံ ဆက်သွယ်မှု တချို့ လုပ်ဆောင်ထားကြောင်း သိရှိရပါတယ်။

လက်ရှိမှာတော့ ဂန်ဒိုဂန်က သူ့ရဲ့ အနာဂတ် အတွက် တိကျတဲ့ ဆုံးဖြတ်ချက်မျိုး မချရသေးပေမယ့် အကယ်၍ မန်ချက်စတာ စီးတီးကသာ ၃နှစ် သက်တမ်း ရှိတဲ့ ကာလရှည် စာချုပ်တရပ် မကမ်းလှမ်းခဲ့ရင် ဂန်ဒိုဂန်ဟာ အသင်းပြောင်းဖို့ ရာခိုင်နှုန်း များနေကြောင်း ဂျာမန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြထားကြပါတယ်။

Exit mobile version