MySport Myanmar

အလွတ်နဲ့ ရထားတဲ့ ကတ်ဆီးကို ယူရို ၂၅သန်း ဝန်းကျင်နဲ့ ပြန်ရောင်းဦးမယ့် ဘာစီလိုနာ

စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာက ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကမှ သူတို့အသင်းဆီ ရောက်လာတဲ့ ကွင်းလယ်လူ ကတ်ဆီးကို ယခု ဆောင်းဈေးကွက် အတွင်းမှာ ပြန်လည် ရောင်းချဖို့ စီစဉ်နေကြောင်း ဘာစီလိုနာနဲ့ နီးစပ်တဲ့ နာမည်ကြီး သတင်းထောက် ဂျာရတ် ရိုမဲရိုးက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

အသက် ၂၆နှစ် အရွယ် အိုင်ဗရီကို့စ် လက်ရွေးစင် ကွင်းလယ်လူ ကတ်ဆီးက ယခုနှစ် ဘောလုံးရာသီ အစကမှ အေစီမီလန် ကနေ ဘာစီလိုနာထံ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူဟာ ဘာစီလိုနာနဲ့ ၂၀၂၆ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားသူပါ။

Photo Credit: Goal

ကတ်ဆီးက အေစီမီလန်မှာ အဓိက ကွင်းလယ်လူ အဖြစ် ကစားခွင့် ရခဲ့ပေမယ့် ဘာစီလိုနာဆီ ရောက်လာချိန်မှာတော့ ပီဒရီ ၊ ဘက်စ်ကွက် ၊ ဂါဗီနဲ့ ဒီဂျောင်တို့ကို ကျော်လွန်နိုင်ခြင်း မရှိပဲ အရန် ကစားသမား အဖြစ်သာ အချိန်ကုန်နေရပြီး ယခုနှစ် ဘောလုံးရာသီမှာ ဘာစီလိုနာ အတွက် စုစုပေါင်း ၆၃၇မိနစ်သာ ကစားထားရပါတယ်။

စပိန်မြေမှာ မျှော်လင့်ထားသလို ကစားခွင့် မရတာကြောင့် ကတ်ဆီးက သူ့အတွက် ပုံမှန် ပွဲထွက်ခွင့် ရမယ့် အသင်းတသင်းဆီ ပြောင်းရွှေ့ဖို့ စတင် စဉ်းစားလာပြီး ပရီးမီးယားလိဂ် နာမည်ကြီးကလပ် စပါး အပါအဝင် ဥရောပ အသင်းကြီး တချို့ကလည်း ကတ်ဆီးကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။

Photo Credit: Goal

ဘာစီလိုနာနဲ့ နီးစပ်သလို ဘာစီလိုနာနဲ့ ပတ်သတ်တဲ့ သတင်းတွေ ဆိုရင် ယုံကြည် စိတ်ချရတဲ့ နာမည်ကြီး သတင်းထောက် ဂျာရတ် ရိုမဲရိုးရဲ့ ဖော်ပြချက်အရ ဘာစီလိုနာရဲ့ တာဝန်ရှိသူတွေက ကတ်ဆီးဟာ သူတို့အသင်း အတွက် ကစားပေးနိုင်တဲ့ အရည်အသွေးတွေ မပိုင်ဆိုင်ထားဘူးလို့ ယုံကြည်နေကြတာကြောင့် ကတ်ဆီးကို ရောင်းချဖို့ စိတ်ဝင်စားနေပြီး ကတ်ဆီး အတွက် သင့်တော်တဲ့ ကမ်းလှမ်းမှု တရပ် ရလာရင် ရောင်းချဖို့ စီစဉ်ထားကြောင်း သိရပါတယ်။

ဘာစီလိုနာနဲ့ နီးစပ်တဲ့ သတင်းဌာနတွေကလည်း ရိုမဲရိုးရဲ့ ဖော်ပြချက်ကို ထပ်ဆင့် အတည်ပြုပေးထားကြပြီး ဘာစီလိုနာဟာ ကတ်ဆီးအတွက် ပြောင်းရွှေ့ကြေး ယူရို ၂၅သန်း ဝန်းကျင် တောင်းဆိုဖွယ် ရှိနေကြောင်းလည်း ဆိုကြပါတယ်။

Exit mobile version