စပိန်လာလီဂါ အင်အားကြီးအသင်း ဖြစ်တဲ့ ဘာစီလိုနာအသင်းဟာ သူတို့အသင်းရဲ့ နည်းပြဖြစ်သူ ကိုးမန်းကို ရာထူးကနေ ထုတ်ပယ်ပြီး နည်းပြသစ်တဦး ခန့်အပ်ဖို့ စဉ်းစားနေချိန်မှာ အာဆင်နယ်အသင်းနဲ့အတူ ယခုနှစ် ဘောလုံးရာသီမှာ ရလဒ်တွေ ဆိုးဝါးခဲ့တဲ့ စပိန်လူမျိုး နည်းပြဖြစ်သူ မီခယ် အာတီတာကို သူတို့အလိုရှိတဲ့ နည်းပြစာရင်းထဲမှာ ထည့်သွင်းထားကြောင်း စပိန်အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြခဲ့ပါတယ်။ အသက် ၃၉နှစ် အရွယ် အာဆင်နယ်အသင်းရဲ့ နည်းပြဖြစ်သူ အာတီတာဟာ ဘာစီလိုနာအသင်းရဲ့ အကယ်ဒမီ ကနေ ထွက်ပေါ်ခဲ့တဲ့ ဘောလုံး ကစားသမားဟောင်း တဦး ဖြစ်ပြီး အသင်းကြီး တသင်းရဲ့ နည်းပြအဖြစ် အတွေ့အကြုံ ၂နှစ်သာ ရှိသူ ဖြစ်ပါတယ်။

Photo Credit: Daily Mail

အာတီတာရဲ့ အာဆင်နယ်အသင်းဟာ လက်ရှိ ဘောလုံးရာသီမှာ ဆုဖလား တလုံးမှ ရယူနိုင်ခဲ့ခြင်း မရှိသလို လာမယ့် ဘောလုံးရာသီ အတွက် ဥရောပ ဝင်ခွင့်တွေနဲ့လည်း လွဲချော်ခဲ့တာကြောင့် အာဆင်နယ်အသင်းရဲ့ ပရိသတ်တချို့က အာတီတာကို ရာထူးကနေ ထွက်သွားဖို့ အထိ တောင်းဆိုမှုတွေ ရှိနေပေမယ့် အာတီတာဟာ အာဆင်နယ်အသင်းနဲ့ အတူ အက်ဖ်အေဖလား တလုံးနဲ့ ကွန်မြူနတီဒိုင်းတို့ကို ဆွတ်ခူးထားနိုင်တာကြောင့် ဘာစီလိုနာအသင်းရဲ့ ဘုတ်အဖွဲ့က အာတီတာကို အသင်းရဲ့ နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ မျက်စိကျနေတာ ဖြစ်ကြောင်း စပိန်အခြေစိုက် သတင်းဌာနတွေက ဆိုပါတယ်။ ဘာစီလိုနာအသင်းဟာ ယခုနှစ် ဘောလုံးရာသီ အစမှာ အသင်းရဲ့ ဂန္တဝင် ကစားသမားလည်းဖြစ် ၊ နယ်သာလန် လက်ရွေးစင်အသင်းရဲ့ နည်းပြလည်း ဖြစ်တဲ့ ရော်နယ်ကိုးမန်းကို အသင်းရဲ့ နည်းပြအဖြစ် ခန့်အပ်ခဲ့ပေမယ့် ကိုးမန်းရဲ့ စွမ်းဆောင်ရည်တွေဟာ ဘာစီလိုနာ အသင်းအတွက် လုံလောက်မှု မရှိဘူးလို့ အသင်းရဲ့ ဥက္ကဌဖြစ်သူ လာပေါ်တာက ယုံကြည်နေပါတယ်။

Photo Credit: Daily Mail

ဒါကြောင့်ပဲ လာပေါ်တာဟာ ကိုးမန်းကို ရာထူးကနေ ထုတ်ပယ်ပြီး အသင်းကို အရင်လို အောင်မြင်မှုတွေဆီ ပြန်လည် ပို့ဆောင်ပေးနိုင်မယ့် နည်းပြတဦးကို ဈေးကွက်အတွင်းမှာ ရှာဖွေနေကာ အသင်းရဲ့ ဂန္တဝင် ကွင်းလယ် ကစားသမားတဦး ဖြစ်သူ ဇာဗီ ၊ အသင်းရဲ့ အကယ်ဒမီထွက် ကစားသမားဟောင်း အာတီတာ ၊ ဂျူဗင်တပ်ရဲ့ နည်းပြဟောင်း အယ်လီဂရီနီတို့ကို လျာထား နည်းပြစာရင်းမှာ ထည့်သွင်းထားကြောင်း သိရပါတယ်။ နာမည်ကြီး သတင်းဌာနတခု ဖြစ်တဲ့ Sport Witness ကတော့ ဘာစီလိုနာ အသင်းရဲ့ ဥက္ကဌ လာပေါ်တာဟာ အသင်းရဲ့ ဂန္တဝင် ကစားသမားဟောင်း ဖြစ်သူ ဇာဗီကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ မျက်စိကျနေသလို ဘာစီလိုနာအသင်းရဲ့ ဘုတ်အဖွဲ့ဝင် တချို့ကလည်း အာတီတာရဲ့ စွမ်းဆောင်ရည်တွေကို သဘောကျနေကြောင်း ဆိုပါတယ်။