ပရီးမီးယားလိဂ် အင်အားကြီးအသင်း ချယ်လ်ဆီး ၊ ဂျာမန် ဘွန်ဒက်လီဂါ အင်အားကြီးကလပ် ဘိုင်ယန်မြူးနစ်နဲ့ စပိန်လာလီဂါ အင်အားကြီးအသင်း ဘာစီလိုနာတို့ဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ဂျူဗင်တပ်အသင်း ကနေ ထွက်ခွာဖို့ တာစူနေတဲ့ နယ်သာလန် နောက်ခံလူ ဒီလစ်ကို ခေါ်ယူဖို့ အပြိုင်အဆိုင် ကြိုးပမ်းနေကြကြောင်း ဥရောပ အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

အသက် ၂၂နှစ် အရွယ် နယ်သာလန် လက်ရွေးစင် နောက်ခံလူ ဒီလစ်ဟာ ၂၀၁၉ခုနှစ်ကမှ အေဂျက်အသင်း ကနေ ဂျူဗင်တပ်အသင်းထံ ပြောင်းရွှေ့ကြေး ယူရို ၈၅.၅သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး အသင်းအတွက် ပြိုင်ပွဲစုံမှာ ၉၈ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၆ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၂ကြိမ် ပြုလုပ်ထားနိုင်သူပါ။

Photo Credit: Standard

ဒီလစ်ဟာ ဂျူဗင်တပ်အသင်းဆီ စတင် ရောက်ရှိလာကတည်းက အသင်းရဲ့ မရှိမဖြစ် အဓိက နောက်ခံလူ အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားနိုင်သလို အသင်းနဲ့ ၂၀၂၄ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်နေသေးပေမယ့် ယခုနှစ် ဘောလုံးရာသီ အကုန်မှာ အသင်းကနေ ထွက်ခွာဖို့ တာစူနေပါတယ်။

ဒီလစ်ရဲ့ အေးဂျင့်ဖြစ်သူ ရိုင်းအိုလာက ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ဒီလစ်အနေနဲ့ ဂျူဗင်တပ်အသင်း ကနေ ထွက်ခွာဖို့ ရာခိုင်နှုန်း များနေကြောင်း အတည်ပြုပေးထားပြီး ဒီလစ်ကို ခေါ်ယူဖို့ အတွက် ဥရောပ နာမည်ကြီးအသင်း အများစုကလည်း စိတ်ဝင်စားနေကြပါတယ်။

Photo Credit: Standard

ဒါပေမယ့် ဒီလစ်ကို ခေါ်ယူနိုင်ဖို့ အမှန်တကယ် ကြိုးစားနေတဲ့ ကလပ်အသင်းဟာ ၃သင်းသာ ရှိပြီး အဆိုကလပ်တွေ ကတော့ ဥရောပချန်ပီယံ ချယ်လ်ဆီး ၊ ဂျာမန် ဘီလူးကြီး ဘိုင်ယန်မြူးနစ်နဲ့ အသင်းကို သွေးသစ်လောင်းမှုတွေ လုပ်နေတဲ့ ဘာစီလိုနာတို့ ဖြစ်ကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Repubblica သတင်းဌာနက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

Repubblica သတင်းဌာနရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီး ၊ ဘိုင်ယန်မြူးနစ်နဲ့ ဘာစီလိုနာတို့ အားလုံးဟာ ဒီလစ်ကို ခေါ်ယူဖို့ ရိုင်းအိုလာနဲ့ ချိတ်ဆက်မှုတွေ ပြုလုပ်ထားကြပြီး အဆိုအသင်း ၃သင်းအနက် ဘိုင်ယန်မြူးနစ်က ဒီလစ်ကို ခေါ်ယူနိုင်ဖို့ အခွင့်အလမ်း အများဆုံး ဖြစ်နေကာ ဂျူဗင်တပ်အသင်း ကတော့ ဒီလစ် အတွက် ပြောင်းရွှေ့ကြေး ယူရို ၆၅သန်း လိုချင်နေကြောင်း သိရပါတယ်။