စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာက သူတို့အသင်းရဲ့ ယခုနှစ် နွေရာသီ နံပါတ်တစ် ပစ်မှတ် ကစားသမား တဦး ဖြစ်သူ လိဒ်ယူနိုက်တက် ကြယ်ပွင့် ရာဖင်ဟာကို ပြောင်းရွှေ့ကြေး ယူရို ၇၅သန်း ဝန်းကျင်နဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ကြောင်း နာမည်ကြီး သတင်းထောက် ဘန် ဂျာကော့ဘ်က အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

ဘာစီလိုနာက သူတို့အသင်းရဲ့ တောင်ပံတိုက်စစ်ကို အင်အားဖြည့်တင်းဖို့ အတွက် လိဒ်ယူနိုက်တက် ကြယ်ပွင့် ရာဖင်ဟာကို ခေါ်ယူဖို့ ပြီးခဲ့တဲ့ မတ်လထဲက တစိုက်မတ်မတ် ကြိုးပမ်းခဲ့တာ ဖြစ်ပြီး ရာဖင်ဟာကလည်း ဘာစီလိုနာဆီ ပြောင်းရွှေ့ဖို့ သဘောတူထားပါတယ်။

Photo Credit: Marca

ဒါပေမယ့် ဘာစီလိုနာက ဘဏ္ဍာရေး အကြပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတာကြောင့် ရာဖင်ဟာကို ခေါ်ယူနိုင်ဖို့ ငွေကြေး ရှာဖွေမှုတွေ ပြုလုပ်ခဲ့ရပြီး ယခုအချိန်မှာတော့ အသင်းရဲ့ ၁၀နှစ်စာ ရုပ်သံလွှင့်ခရဲ့ ၂၅ရာခိုင်နှုန်းကို ရောင်းချမှုနဲ့အတူ လိုအပ်နေတဲ့ ငွေကြေးတွေကို ရှာဖွေခဲ့ရပါတယ်။

လိုအပ်နေတဲ့ ငွေပမာဏ ရရှိပြီးနောက်မှာတော့ ဘာစီလိုနာက ရာဖင်ဟာကို ခေါ်ယူဖို့ အရှိန်မြှင့်ကာ ကြိုးပမ်းခဲ့ပြီး ရာဖင်ဟာအတွက် လိဒ်ယူနိုက်တက်နဲ့ တရားဝင် ဆွေးနွေးမှုတွေ အဆက်မပြတ် ပြုလုပ်ခဲ့ရာ ယနေ့မနက်ပိုင်းမှာပဲ ဘာစီလိုနာက ရာဖင်ဟာကို ခေါ်ယူဖို့ လိဒ်ယူနိုက်တက်နဲ့ တရားဝင် သဘောတူညီမှု ရရှိခဲ့ကြောင်း ဘာစီလိုနာနဲ့ နီးစပ်တဲ့ နာမည်ကြီး သတင်းထောက် ရိုမဲရိုးက ဆိုပါတယ်။

Photo Credit: Marca

တောင်အမေရိကသားတွေနဲ့ ပတ်သတ်တဲ့ သတင်းတွေဆိုရင် စိတ်ချရတဲ့ သတင်းထောက် ဘန် ဂျာကော့ဘ်ကလည်း ဘာစီလိုနာဟာ ရာဖင်ဟာကို ခေါ်ယူဖို့ လိဒ်ယူနိုက်တက်နဲ့ တရားဝင် သဘောတူညီမှု ရရှိခဲ့ကြောင်း ထပ်ဆင့် အတည်ပြုပေးထားပြီး ဘာစီလိုနာက ရာဖင်ဟာအတွက် လိဒ်ယူနိုက်တက်ထံ ပြောင်းရွှေ့ကြေး ယူရို ၇၅သန်း ဝန်းကျင် ပေးချေရဖွယ် ရှိနေကြောင်း ဖော်ပြထားပါတယ်။

ဘာစီလိုနာက ရာဖင်ဟာကို ၅နှစ် သက်တမ်း ရှိတဲ့ ကာလရှည် စာချုပ်တရပ် ချုပ်ဆိုဖို့ သဘောတူညီမှု ရရှိထားပြီး ရာဖင်ဟာက ဘာစီလိုနာနဲ့ လိဒ်ယူနိုက်တက်တို့ ကြားမှာ ပြောင်းရွှေ့ကြေး သဘောတူညီမှု ရတာနဲ့ ဘာစီလိုနာမြို့ဆီ လာရောက်ကာ ဆေးစစ်မှုတွေ လုပ်ဆောင်ဖို့ အဆင်သင့် ပြင်ဆင်ထားပါတယ်။