စပိန်လာလီဂါ အင်အားကြီးအသင်း ဖြစ်တဲ့ ဘာစီလိုနာအသင်းဟာ အသင်းရဲ့ အဓိက ကစားသမားလည်းဖြစ် ၊ အသင်းခေါင်းဆောင်လည်း ဖြစ်တဲ့ လီယွန်နယ် မက်ဆီကို စာချုပ်သစ် ကမ်းလှမ်းထားခြင်း မရှိသေးကြောင်း ယနေ့မနက်ပိုင်းမှာ ဥရောပ အခြေစိုက် သတင်းဌာန အများစုက အခိုင်အမာ ဖော်ပြသွားကြပါတယ်။ အသက် ၃၃နှစ် အရွယ် အာဂျင်တီးနားနဲ့ ဘာစီလိုနာအသင်းရဲ့ အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီဟာ လာမယ့် ဇွန်လအကုန်မှာ ဘာစီလိုနာအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် ကစားသမားတဦး ဖြစ်ပြီး ဘာစီလိုနာ အသင်းနဲ့ စာချုပ်သစ်သာ ချုပ်ဆိုခြင်း မရှိပါက အသင်းကနေ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာနိုင်မယ့် ကစားသမားလည်း ဖြစ်ပါတယ်။

Photo Credit: Marca

မက်ဆီဟာ လက်ရှိ ဘာစီလိုနာအသင်းရဲ့ ဥက္ကဌ ဖြစ်သူ လာပေါ်တာနဲ့ ဆက်ဆံရေး အဆင်ပြေတာကြောင့် ဘာစီလိုနာအသင်းမှာ ဆက်ရှိဖို့ ရာခိုင်နှုန်း များနေပေမယ့် ဘာစီလိုနာအသင်းနဲ့ မက်ဆီရဲ့ကြားမှာ စာချုပ်သစ် ချုပ်ဆိုဖို့ သဘောတူညီမှု မရရှိသေးသလို ဘာစီလိုနာအသင်းဘက်က စာချုပ်သစ် ကမ်းလှမ်းထားခြင်း မရှိသေးကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Goal က ဖော်ပြသွားပါတယ်။ ဒါပေမယ့် ဘာစီလိုနာ အသင်းရဲ့ တာဝန်ရှိသူတွေနဲ့ မက်ဆီရဲ့ ဖခင်ဖြစ်သူတို့ဟာ မကြာခဏ ဆိုသလို အစည်းအဝေးတွေ ပြုလုပ်ကာ စာချုပ်သစ် အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေပြီး မကြာခင်မှာ သဘောတူညီမှု ရရှိနိုင်ဖို့ ဘာစီလိုနာ အသင်းဘက်က မျှော်လင့်ထားကြောင်း သိရပါတယ်။

Photo Credit: Marca

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Marca ကတော့ မက်ဆီဟာ ဘာစီလိုနာအသင်းမှာ ဆက်နေဖို့ ဆန္ဒရှိပေမယ့် သူ့ရဲ့ ဆုံးဖြတ်ချက်ဟာ လုပ်ခလစာတွေထက် ဘာစီလိုနာအသင်း အနေနဲ့ လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ဖလား အပါအဝင် ဆုဖလား အောင်မြင်မှုတွေ ရယူနိုင်မလား ၊ မရနိုင်ဘူးလား ဆိုတဲ့ အချက်အပေါ် မူတည်နေပြီး အကယ်၍ ဘာစီလိုနာ အသင်းဘက်က အောင်မြင်မှုတွေ ရရှိဖို့ အာမခံချက် မပေးနိုင်ရင် မက်ဆီဟာ ဘာစီလိုနာအသင်း ကနေ ထွက်ခွာနိုင်ကြောင်း ဆိုပါတယ်။ လက်ရှိမှာတော့ မက်ဆီကို ခေါ်ယူဖို့ ပီအက်စ်ဂျီအသင်းနဲ့ မန်ချက်စတာ စီးတီးအသင်းတို့က စောင့်ကြည့်နေပြီး မန်ချက်စတာ စီးတီးအသင်းရဲ့ နည်းပြဖြစ်သူ ဂွာဒီယိုလာကတော့ မက်ဆီဟာ ဘာစီလိုနာ အသင်းမှာ ဆက်လက် ရှိနေမယ်လို့ ထင်မြင်ကြောင်း ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ပြောကြားထားပါတယ်။