ဘာစီလိုနာအသင်းကတော့ ပိုလန်ဂိုးမုဆိုးကြီး ရောဘတ်လီဝန်ဒေါစကီးကို လာမယ့်စျေးကွက်အတွင်းမှာ အရခေါ်ယူနိုင်ဖို့အတွက် အပီအပြင် ကြိုးပမ်းလျက်ရှိနေပြီး အသင်းဘက်ကနေ ပြောင်းရွှေ့ကြေးသီးသန့်နဲ့ ကမ်းလှမ်းချက်တွေကို ဘိုင်ယန်မြူးနစ်ဘက်က ငြင်းဆန်လာခဲ့မယ်ဆိုပါက အသင်းရဲ့ နယ်သာလန် တိုက်စစ်ကစားသမား မန်ဖစ်ဒီပိုင်းကိုပါ အပြောင်းအရွှေ့ရဲ့ တစိတ်တပိုင်းအဖြစ် ထည့်သွင်းအသုံးပြုသွားဖွယ် ရှိနိုင်တယ်လို့ သိရပါတယ်။

Rumour Has It: Lewandowski set on Barcelona move

Photo Credit : FotMob

အသက်(၃၃)နှစ်အရွှယ်ရှိ ပိုလန်လက်ရွေးစင် တိုက်စစ်ကစားသမား လီဝန်ဒေါစကီးက ဘိုင်ယန်နဲ့ ဝုလ်ဖ်ဘတ်အသင်းတို့ရဲ့ ဘွန်ဒစ်လီဂါပွဲစဉ်က သူရဲ့ဘိုင်ယန်ကစားသမားဘဝ နောက်ဆုံးသောပွဲစဉ် ဖြစ်နိုင်တယ်လို့ အရိပ်အမြွက် ပြောဆိုလာခဲ့ပြီးနောက်မှာ လီဝန်ဒေါစကီးနဲ့ ဘာစီလိုနာအသင်းတို့ကြားမှာ (၃)နှစ်စာချုပ်နဲ့ ခေါ်ယူဖို့အတွက် သဘောတူညီချက် ရယူနိုင်ခဲ့ပြီဆိုတဲ့ သတင်းတွေပါ ထွက်ပေါ်လာခဲ့ရပါတယ်။ ဘာစီလိုနာအသင်းဟာ လီဝန်ဒေါစကီးကို ခေါ်ယူဖို့အတွက် ကစားသမားနဲ့ သဘောတူညီချက် ရယူထားနိုင်ပေမယ့်လည်း လီဝန်ဒေါစကီးရဲ့ ပြောင်းရွှေ့ကြေးနဲ့ ပတ်သက်ပြီး ဘိုင်ယန်နဲ့ ဆက်လက်ဆွေးနွေးဖို့ လိုအပ်နေသေးတာ ဖြစ်ပါတယ်။

Photo Credit : Infos Sport

ဂိုးသွင်းအားကောင်းတဲ့ တိုက်စစ်ကစားသမား လီဝန်ဒေါစကီးဟာ ဘိုင်ယန်အသင်းနဲ့ ၂၀၂၃ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးသလို ဘိုင်ယန်ဘက်ကလည်း လီဝန်ဒေါစကီးကို သက်တမ်းတိုးဖို့ ကြိုးပမ်းနေပေမယ့် လီဝန်ဒေါစကီးကတော့ ဘိုင်ယန်နဲ့ ထပ်မံသက်တမ်းမတိုးချင်တော့သလို အသင်းနဲ့လည်း လက်တွဲဖြုတ်သွားချင်တယ်လို့ ထုတ်ဖော်ပြောဆိုထားခဲ့ပါတယ်။ ဒီလို အခြေအနေမျိုး ရှိနေတဲ့ လီဝန်ဒေါစကီးကို ချယ်လ်ဆီးအသင်းနဲ့ ပီအက်စ်ဂျီအသင်းတို့ကပါ ပစ်မှတ်ထားနေကြပေမယ့် ကစားသမားကိုယ်တိုင်ကတော့ စပိန်လာလီဂါမှာ သူရဲ့ကစားသမားဘဝကို ဆက်လက်ဖြတ်သန်းလိုတာကြောင့် ဘာစီလိုနာအသင်းကိုသာ ရွေးချယ်ဖွယ် ရှိနေပါတယ်။ ဘာစီလိုနာကလည်း လီဝန်ဒေါစကီးအတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း(၃၀)နဲ့ ကမ်းလှမ်းချင်နေသလို ယူရို(၃၅)သန်းထိ ထပ်တိုးကမ်းလှမ်းသွားဖို့လည်း အစီအစဉ် ရှိနေပေမယ့် ဒီကမ်းလှမ်းမှုက ပယ်ချခံရဦးမယ်ဆိုရင်တော့ တိုက်စစ်ကစားသမား ဒီပိုင်းကိုပါ ထည့်သွင်းကမ်းလှမ်းသွားဖို့အထိ အစီအစဉ် ရှိနေတယ်လို့ စပိန်သတင်းမီဒီယာ Mundo Deportivo ကနေ ဖော်ပြသွားခဲ့ပါတယ်။