စပိန်လာလီဂါ ထိပ်သီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာက သူတို့အသင်းရဲ့ ဒီနှစ် နွေရာသီ အဓိက ပစ်မှတ် ကစားသမား တဦး ဖြစ်သူ ရာဖင်ဟာကို ခေါ်ယူနိုင်ဖို့ လိဒ်ယူနိုက်တက်ထံ ပြောင်းရွှေ့ကြေး ပေါင် ၇၀သန်း တန်ကြေး ရှိတဲ့ ကမ်းလှမ်းမှု တရပ်နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြသွားကြပါတယ်။

ဘာစီလိုနာက အသက် ၂၅နှစ် အရွယ် ဘရာဇီးလ် တောင်ပံတိုက်စစ် ကစားသမား ရာဖင်ဟာကို ခေါ်ယူဖို့ ပြီးခဲ့တဲ့ ဘောလုံးရာသီ မကုန်ခင်ထဲက ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိထားတဲ့ အသင်း ဖြစ်ပြီး လိဒ်ယူနိုက်တက်နဲ့သာ ပြောင်းရွှေ့ကြေး သဘောတူညီမှု ရရင် ရာဖင်ဟာကို ခေါ်ယူနိုင်တော့မှာလည်း ဖြစ်ပါတယ်။

Photo Credit: Sky Sports

ဒါပေမယ့် လိဒ်ယူနိုက်တက်ကတော့ သူတို့အသင်းရဲ့ ကြယ်ပွင့် ကစားသမား ရာဖင်ဟာကို ပရီးမီးယားလိဂ် အင်အားကြီးကလပ် ချယ်လ်ဆီးထံ ပြောင်းရွှေ့ကြေး ပေါင် ၆၀သန်းနဲ့ ရောင်းချဖို့ သဘောတူထားတာကြောင့် ဘာစီလိုနာအနေနဲ့ ရာဖင်ဟာကို ခေါ်ယူနိုင်ဖို့ ခက်ခဲနေပါတယ်။

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ရာဖင်ဟာက ဘာစီလိုနာဆီသာ ပြောင်းရွှေ့ချင်နေသလို လိဒ်ယူနိုက်တက်ကလည်း ဘာစီလိုနာရဲ့ ကမ်းလှမ်းမှုတွေ ရထားပေမယ့် သူတို့အသင်းရဲ့ ချယ်လ်ဆီးနဲ့ သဘောတူညီချက် ရရှိထားမှုအား မဖျက်ဆီးလိုတာကြောင့် ရာဖင်ဟာရဲ့ အပြောင်းအရွှေ့ ဖြစ်ပေါ်လာဖို့ လိဒ်ယူနိုက်တက်နဲ့ ရာဖင်ဟာရဲ့ ကြားမှာ ညှိနှိုင်းဖို့ လိုအပ်နေသေးကြောင်း သိရပါတယ်။

Photo Credit: Sky Sports

ဘာစီလိုနာကတော့ ယမန်နေ့မှာပဲ လိဒ်ယူနိုက်တက်ထံ ရာဖင်ဟာ အတွက် ပြောင်းရွှေ့ကြေး ပေါင် ၅၅သန်းတန် ကမ်းလှမ်းမှု တရပ် ပေးပို့ခဲ့ပေမယ့် လိဒ်ယူနိုက်တက်ဘက်က အဆိုပါ ကမ်းလှမ်းမှုကို ချက်ချင်း ဆိုသလို ငြင်းဆန်ပယ်ချခဲ့ပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Times သတင်းဌာနရဲ့ ပင်တိုင် ဆောင်းပါးရှင်း ပေါလ် ဂျွိုက်စ်ရဲ့ ဖော်ပြချက်အရ ဘာစီလိုနာဟာ သူတို့ရဲ့ နောက်ဆုံး ကမ်းလှမ်းမှုကို လိဒ်ယူနိုက်တက်ဘက်က ပယ်ချခဲ့ပြီးနောက် သူတို့ရဲ့ ကမ်းလှမ်းမှုကို ထပ်မံ တိုးမြှင့်ဖို့ ဆုံးဖြတ်ခဲ့ပြီး ဘာစီလိုနာက ချယ်လ်ဆီးရဲ့ ရာဖင်ဟာ အတွက် ကမ်းလှမ်းမှု ဖြစ်တဲ့ ပေါင် ၆၀သန်းထက် ၁၀သန်း ပိုများတဲ့ ပြောင်းရွှေ့ကြေး ပေါင် ၇၀သန်းနဲ့ ရာဖင်ဟာကို ကမ်းလှမ်းတော့မယ်လို့ ယနေ့မနက် အစောပိုင်းမှာပဲ သိရှိထားရပါတယ်။