စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာက သူတို့အသင်းရဲ့ အဓိက ကွင်းလယ်လူ တဦး ဖြစ်သူ ဖရန်ကီ ဒီဂျောင်ကို ရောင်းချဖို့ အတွက် ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်နဲ့ ယနေ့မှာပဲ တရားဝင် ဆွေးနွေးမှုတွေ ပြုလုပ်နေကြောင်း သိရပါတယ်။

ဘာစီလိုနာက သူတို့အသင်းရဲ့ ဘဏ္ဍာရေး အကြပ်အတည်းကို ဖြေရှင်းနိုင်ဖို့ အတွက် အသင်းရဲ့ အဓိက ကွင်းလယ်လူ တဦး ဖြစ်သူ ဒီဂျောင်ကို မန်ချက်စတာ ယူနိုက်တက်ဆီ ရောင်းထုတ်ချင်နေပြီး မန်ချက်စတာ ယူနိုက်တက်ကလည်း နည်းပြသစ် တန်ဟက်ဂ်ရဲ့ တောင်းဆိုမှုအရ ဒီဂျောင်ကို အမိအရ ခေါ်ယူနိုင်ဖို့ အစွမ်းကုန် ကြိုးစားနေပါတယ်။

Photo Credit: 90 Mins

မန်ချက်စတာ ယူနိုက်တက်က နယ်သာလန် ကြယ်ပွင့် ကွင်းလယ်လူ ဖရန်ကီ ဒီဂျောင်ကို သူတို့ရဲ့ နွေရာသီ အဓိက ပစ်မှတ် အဖြစ် သတ်မှတ်ထားပြီး ယခုလ အစပိုင်းမှာ ဒီဂျောင်ကို ပြောင်းရွှေ့ကြေး ယူရို ၇၀သန်းနဲ့ ကမ်းလှမ်းခဲ့ပေမယ့် ဘာစီလိုနာဘက်က သူတို့ရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန် ပယ်ချခဲ့ပါတယ်။

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ယနေ့မှာပဲ မန်ချက်စတာ ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေနဲ့ ဘာစီလိုနာရဲ့ တာဝန်ရှိသူတွေဟာ ဘာစီလိုနာမြို့မှာ တွေ့ဆုံကာ ဒီဂျောင်ရဲ့ အပြောင်းအရွှေ့ အတွက် တရားဝင် ဆွေးနွေးနေကြပြီး ဘာစီလိုနာက ဒီဂျောင်အတွက် အပိုဆုကြေးတွေ မပါဝင်ပဲ ပြောင်းရွှေ့ကြေး ယူရို ၈၆သန်း သီးသန့် လိုချင်နေကြောင်း သိရပါတယ်။

Photo Credit: 90 Mins

ကနဦးမှာ ဘာစီလိုနာက ဒီဂျောင်အတွက် အပိုဆုကြေးတွေ အပါအဝင် ယူရို ၈၅သန်း ဝန်းကျင်သာ တောင်းဆိုခဲ့ပေမယ့် လာလီဂါ ဘောလုံးအဖွဲ့ချုပ်က ဝင်ငွေ ယူရို ၈၀သန်းကျော် ရမှသာ ဘာစီလိုနာရဲ့ ကစားသမားသစ် စာရင်းသွင်းမှုတွေကို ပြုလုပ်ခွင့် ပေးမယ်လို့ သတိပေးခဲ့တာကြောင့် ဘာစီလိုနာဘက်က ဒီဂျောင်ရဲ့ ပြောင်းရွှေ့ကြေးကို တိုးမြှင့် တောင်းဆိုနေတာ ဖြစ်ကြောင်းလည်း နာမည်ကြီး စပိန်အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ Marca သတင်းဌာနက ဆိုပါတယ်။

တဖက်မှာတော့ မန်ချက်စတာ ယူနိုက်တက်က ဒီဂျောင်အတွက် ပြောင်းရွှေ့ကြေး ယူရို ၈၀သန်း ဝန်းကျင်သာ သုံးစွဲချင်နေတာကြောင့် နှစ်သင်းကြားမှာ ဆွေးနွေးညှိနှိုင်းမှုတွေ ဆက်လက် ပြုလုပ်ရဖို့ ရှိနေပြီး မန်ချက်စတာ ယူနိုက်တက်ဟာ ဒီဂျောင်ကို ဈေးသက်သက်သာသာနဲ့ ခေါ်ယူချင်ရင် ဘာစီလိုနာက အမေရိကန်ဘဏ်တွေ ကနေ ချေးငွေ ရရှိမယ့် အပြောင်းအရွှေ့ ပိတ်ခါနီး အထိ စောင့်ဆိုင်းရဖွယ် ရှိနေကြောင်းလည်း ဘဏ္ဍာရေးနဲ့ အပြောင်းအရွှေ့ ကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။