စပိန်နိုင်ငံထုတ် သတင်းစာတစ်စောင်ဖြစ်တဲ့ El Nacional ရဲ့ သတင်းထုတ်ပြန်ချက်တွေအရ ဘာစီလိုနာအသင်းဟာ လာမယ့်နွေစျေးကွက်အတွင်းမှာ အေစီမီလန်အသင်းရဲ့ အိုင်ဗရီကို့စ် ကွင်းလယ်ကစားသမား ဖရန့်ကတ်ဆေးကို အသင်းဆီ အရခေါ်ယူသွားဖွယ် ရှိနေတဲ့အပြင် အသင်းရဲ့ ဝါရင့် ကွင်းလယ်ကစားသမားကြီး ဆာဂျီယိုဘူးစကတ်ကိုလည်း အသင်းကနေ ပြန်လည်ရောင်းထုတ်သွားဖို့ပါ ပြင်ဆင်နေတယ်လို့ သိရှိရပါတယ်။

Photo Credit : Eurosport

ဘာစီလိုနာအသင်းဟာ ကွင်းလယ်ပိုင်းကို အကောင်းဆုံး တည်ဆောက်သွားချင်နေပြီး ဒီနှစ်ဘောလုံးရာသီအကုန်မှာ အေစီမီလန်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ကွင်းလယ်ကစားသမား ဖရန့်ကတ်ဆေးကို အလိုရှိနေတာ ဖြစ်ပါတယ်။ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မယ့် ကတ်ဆေးကို ဘာစီလိုနာအသင်းနဲ့အပြိုင် ပရီးမီးယားလိဂ်က ထိပ်တန်းကလပ်အသင်းတွေနဲ့ စီးရီးအေ နာမည်ကျော် ကလပ်အသင်းတွေကပါ အပြိုင်အဆိုင် အလိုရှိနေကြပြီး ကတ်ဆေးကလည်း မီလန်နဲ့ သက်တမ်းတိုးဖို့ထက် အသင်းအပြောင်းအလဲ လုပ်ဆောင်သွားဖို့ကိုသာ ဆန္ဒရှိလို့နေတာ ဖြစ်ပါတယ်။

Photo Credit : Eurosport

ဘာစီလိုနာအသင်းအနေနဲ့ကလည်း သူတို့အလိုရှိနေတဲ့ ကတ်ဆေးကို အသင်းဆီ မခေါ်ဆောင်သွားခင်မှာပဲ သူတို့ရဲ့ ငယ်မွေးခြံပေါက် ကစားသမားတစ်ယောက်ဖြစ်တဲ့ စပိန်ကွင်းလယ်လူကြီး ဘူးစကတ်ကို အရင်ဆုံး အသင်းကနေ ရှင်းထုတ်သွားဖွယ် ရှိနေပါတယ်။ ဘာကြောင့်လဲဆိုတော့ ကတ်ဆေးကို ပြောင်းရွှေ့ကြေးမပါပဲ ခေါ်ယူနိုင်မယ်ဆိုရင်တောင် လစာပိုင်းမှာတော့ လက်ရှိ မီလန်မှာ ရရှိနေတာထက် ပိုမိုပေးချေရနိုင်တာဖြစ်လို့ အသင်းရဲ့ လစာမြင့် ကစားသမားတွေကို အရင်ဆုံး ရှင်းထုတ်ရဖွယ် ရှိနေတာကြောင့် ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ အခုနှစ် နွေစျေးကွက်အတွင်းမှာလည်း မန်ဖစ်ဒီပိုင်း ဆာဂျီယိုအဂွဲရိုးနဲ့ အဲရစ်ဂါဆီယာတို့လို ကစားသမားတွေကို အလွတ်ပြောင်းရွှေ့ကြေးတွေနဲ့ ခေါ်ယူထားခဲ့တာဖြစ်ပြီး အသင်းရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ လီယွန်နယ်မက်ဆီနဲ့ အန်ထရန်ဂရီးဇ်မန်းတို့ကို လက်လွတ်ထားခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ လက်ရှိမှာ ရလဒ်ပိုင်းတွေ ဆိုးရွှားလို့နေပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း နောက်တစ်ဆင့်တတ်ရေးအတွက် ခက်ခက်ခဲခဲကို ရုန်းကန်ရဖွယ် ရှိနေရပါတယ်။