ဘာစီလိုနာအသင်းဟာ အသင်းရဲ့ နည်းပညာ ဒါရိုက်တာ ဖြစ်သူ အဲရစ် အဘီဒယ်လ်နဲ့ စာချုပ် ဖျက်သိမ်းလိုက်ပြီ ဖြစ်ပါတယ်လို့ အတည်ပြုသွားခဲ့တာ ဖြစ်ပြီး ယခုအပတ် တနင်္လာနေ့မှာလည်း အသင်းရဲ့ နည်းပြ ဆက်တီယန်ကို အသင်းရဲ့ နည်းပြအဖြစ်ကနေ ထုတ်ပယ်သွားခဲ့တာ ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ဘိုင်ယန်မြူးနစ်အသင်းကို (၈-၂) ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ပြိုင်ပွဲကနေ ထွက်ခဲ့ရပြီး လာလီဂါ ဆုဖလားကိုပါ ဆုံးရှုံးခဲ့တာကြောင့် လက်ရှိရာသီကို ဆုဖလား တစ်ခုမှ မရဘဲ ဆုဖလား လက်မဲ့နဲ့ ရာသီ ကုန်ဆုံးသွားခဲ့ပါတယ်။

Photo Credit: Goal

အဲရစ် အဘီဒယ်လ်ဟာ ဘာစီလိုနာအသင်းမှာ (၇) ရာသီ ကစားခဲ့စဉ်က တိုက်စစ်မှူး မက်ဆီနဲ့ တွဲကစားခဲ့တာ ဖြစ်ပေမယ့်လည်း နည်းပြ ဆက်တီယန် ထုတ်ပယ်ခံရပြီးနောက် အသင်းရဲ့ တိုက်စစ်မှူး မက်ဆီကို “အများကြီး မကြိုးစားဘူး”လို့ ဝေဖန်ခဲ့ပြီး နှစ်ဦးကြား အချင်းများခဲ့ကြပါတယ်။ ဘာစီလိုနာအသင်းရဲ့ တိုက်စစ်မှူး မက်ဆီဟာ အဲရစ် အဘီဒယ်လ်ကိုလည်း နာမည်တပ် ပြန်လည် တုံ့ပြန်သွားခဲ့ပြီး အသင်းက ထွက်သွားနိုင်ချေ ရှိတယ်လို့ သတင်းတွေ ထွက်ခဲ့ပေမယ့်လည်း အခုတော့ နည်းပြ အဘီဒယ်လ်ကို စာချုပ် ဖျက်သိမ်းလိုက်ပြီပဲ ဖြစ်ပါတယ်။

Photo Credit: Goal

ဘာစီလိုနာအသင်းဟာ အသင်းဝက်ဆိုဒ်မှာ “ဘာစီလိုနာအသင်း နဲ့ အဲရစ် အဘီအယ်လ်တို့ဟာ နှစ်ဦးနှစ်ဖက် ချည်နှောင်ထားတဲ့ စာချုပ်ကို ဖျက်သိမ်းဖို့ သဘောတူညီမှု ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ အဲရစ် အဘီဒယ်လ်ကို သူ့ရဲ့ ပရော်ဖယ်ရှင်နယ်ဆန်မှု၊ စိတ်နှစ်မှု၊ ဆက်ကပ်မှု၊ ဘာစီလိုနာအသင်းကို မိသားစု ဆန်အောင် နေရာတိုင်းမှာ နီးကပ်စွာ ပါဝင်ဆောင်မှုအတွက် ကျေးဇူးတင် ရှိကြောင်း ဖော်ပြချင်ပါတယ်။ သူ့ကိုလည်း အနာဂတ်မှာ ကံကောင်းဖို့ နဲ့ အောင်မြင်ဖို့ ဆန္ဒပြုပါတယ်”လို့ တရားဝင် ထုတ်ပြန်စာ ရေးသားသွားခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ အသင်းရဲ့ လက်ရှိ ဥက္ကဌ ဖြစ်သူ ဘာတိုမြူကိုလည်း တာဝန်က ရပ်နားသွားခိုင်ဖွယ် ရှိပြီး လာမယ့် (၂၀၂၁) ခုနှစ်၊ မတ်လမှာတော့ အသင်းရဲ့ ဥက္ကဌသစ် ရွေးချယ်မှုကို ပြုလုပ်သွားတော့မှာ ဖြစ်ပါတယ်။