လာမယ့်ဘောလုံးရာသီမှာ အသင်းရဲ့တိုက်စစ်ပိုင်းကို ဒီထက်မက ထက်မြက်လာဖို့ ကြောက်မက်စရာကောင်းလာစေဖို့အတွက် အင်အားဖြည့်တင်းမှုကြီးတွေ လုပ်ဆောင်သွားဖို့ရှိနေတဲ့ ဘာစီလိုနာအသင်းဟာ အင်တာမီလန်အသင်းရဲ့ အာဂျင်တီးနားလူငယ်တိုက်စစ်မှူး လော်သာရိုမာတီနက်ဇ်နဲ့ သူတို့အသင်းရဲ့ ကစားသမားဟောင်းနေမာတို့ကို ပစ်မှတ်ထားလျက်ရှိနေကာ ဒီကစားသမား(၂)ယောက်ထဲမှာ လီယွန်နယ်မက်ဆီနဲ့ တွဲဖက်ဖို့ ပိုအဆင်ပြေစေနိုင်မယ့် နေမာကိုပဲ ဦးစားပေးခေါ်ယူသင့်တယ်လို့ ဘာစီလိုနာကစားသမားဟောင်း ရီဗယ်ဒိုက အသင်းကို အကြံပြုသွားခဲ့ပါတယ်။

Photo Credit : Goal

ဘာစီလိုနာအသင်းဟာ သူတို့အသင်းရဲ့ အမာခံတိုက်စစ်ကစားသမားကြီး လူးဝစ်ဆွာရက်ဇ်ရဲ့ အသက်အရွှယ်ကြီးမားလာမှုကြောင့် သူ့နေရာအတွက် တိုက်စစ်ကစားသစ်တွေကို ဖြည့်တင်းသွားချင်လျက်ရှိနေသလို ဒီနှစ်အတွင်းမှ ခေါ်ယူထားခဲ့တဲ့ ဂရစ်ဇ်မန်းကိုလည်း အသင်းကနေ ပြန်လည်ရောင်းထုတ်ဖို့ ဆန္ဒရှိနေတာကြောင့် အခုလို မာတီနက်ဇ်နဲ့ နေမာတို့ (၂)ဦးလုံးကို ပစ်မှတ်ထားလာခဲ့တာဖြစ်ပါတယ်။ သူတို့နှစ်ဦးလုံးနဲ့ပတ်သက်ပြီး ရီဗယ်ဒိုက “ ဘာစီလိုနာအသင်းအနေနဲ့ မာတီနက်ဇ်နဲ့ နေမာတို့(၂)ဦးလုံးကို လာမယ့်နွေမှာ ခေါ်ယူတော့မယ်ဆိုတဲ့ ကောလဟာလသတင်းတွေက အရမ်းကို ကြီးထွားလို့နေပါပြီ”

Photo Credit : Sportskeeda

“မာတီနက်ဇ်က တကယ့်ကို ကောင်းမွန်လှတဲ့ လူငယ်ကစားသမားလေးတစ်ယောက်ဆိုတာမှန်ပေမယ့်လို့ မက်ဆီနဲ့ တစ်သင်းတည်းမှာ အတူတွဲဖက်ကစားနိုင်ဖို့ဆိုရင်တော့ နေမာက ပိုပြီးသင့်တော်လို့ပဲ ကျွန်တော်မြင်မိပါတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်ကို ပြန်ကြည့်လိုက်မယ်ဆိုရင် နေမာနဲ့ လုံးဝကိုတွဲဖက် ကစားနိုင်ခြင်းမရှိတဲ့ တကယ့်ကို တန်ဖိုးရှိလွန်းတဲ့ ကစားသမားကောင်းတွေကို ပြန်မြင်လာရမှာပါ။ မျှော်လင့်ထားသလောက် ဘာမှမလုပ်ဆောင်ပြနိုင်သူတွေပေါ့။ ဒါပေမယ့် ဒီကစားသမားတွေထဲမှာ နေမာ ဆွာရက်ဇ်တို့တော့ မပါဘူးပေါ့။ သူတို့က မက်ဆီနဲ့ တွဲကစားရတဲ့အပေါ် ဖိအားလုံးဝမရှိပဲ ပုံစံအမျိုးမျိုး တွဲဖက်ကစားပေးနိုင်ခဲ့တယ်။ မာတီနက်ဇ်ကလည်း ငယ်ရွယ်ပြီး အရည်အချင်းရှိတဲ့ ကစားသမားလေးပါ။ လာမယ့်နှစ်အနည်းငယ်လောက်မှာ ဘာစီလိုနာအတွက် အကောင်းဆုံးခေါ်ယူမှုတစ်ခု ဖြစ်လာနိုင်မယ့်သူပါ။ ဒါပေမယ့် လက်ရှိမှာဆိုရင်တော့ နေမာကိုပဲ ဦးစားပေးခေါ်ယူသင့်ပါတယ်” အကြံပြုတိုက်တွန်းသွားခဲ့ပါတယ်။