ဘာစီလိုနာအသင်းအနေနဲ့ သူတို့ရဲ့ပြိုင်ဘက် အသက်လက်တီကိုမက်ဒရစ်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရတဲ့ လာလီဂါပွဲစဉ်အတွင်း တစ်ဂိုးတည်းနဲ့ ကပ်အရေးနိမ့်ခဲ့ရသလို အသင်းရဲ့ ဝါရင့်နောက်ခံကစားသမားကြီး ဂျရတ်ပီကေးကပါ ဆိုးရွှားလှတဲ့ ဒူးဒဏ်ရာကို ရရှိသွားခဲ့တာကြောင့် ကာလရှည်ကြာအထိပါ အနားယူရဖွယ် ရှိနိုင်တဲ့အတွက် လာမယ့်ဆောင်းရာသီ ဘောလုံးစျေးကွက်ဖွင့်လှစ်ချိန်မှာ အသင်းရဲ့ပစ်မှတ်တွေထဲကမှ လိုင်ယွန်တိုက်စစ်မှူးမန်ဖစ်ဒီပိုင်းထက် မန်စီးတီးနောက်ခံလူ အဲရစ်ဂါဆီယာကိုပဲ ပိုမိုဦးစားပေး ခေါ်ယူရဖွယ် ရှိနေပါတယ်။

Photo Credit : Twitter

အသက်(၃၃)နှစ်အရွှယ်ရှိ ဝါရင့်စပိန်လက်ရွေးစင်နောက်ခံကစားသမား ပီကေးဟာ အသက်လက်တီကိုအသင်းနဲ့ ပွဲစဉ်အတွင်းမှာ အသက်လက်တီကို တိုက်စစ်ကစားသမား ကော်ရီရာနဲ့ ထိခိုက်မိခဲ့ရာကနေ ညာဘက်ဒူးမှာ ဒဏ်ရာအနာတရ ရသွားခဲ့တာဖြစ်ပြီး ဘယ်လောက်အထိကို အနားယူရမလဲဆိုတာ သေချာမသိရသေးပေမယ့် ကာလရှည်ကြာ အနားယူရဖို့ ရှိနေတဲ့အတွက်ကြောင့်မို့ လာမယ့်ဆောင်းစျေးကွက်အတွင်းမှာပဲ ခံစစ်မှူးသစ်တစ်ယောက်ကို မဖြစ်မနေ ခေါ်ယူအားဖြည့်ရတော့မှာဖြစ်ပါတယ်။

Photo Credit : Goal

ဘာစီလိုနာအသင်းဟာ ခံစစ်ပိုင်းအတွက် မန်စီးတီးအသင်းရဲ့ စပိန်လက်ရွေးစင် နောက်ခံကစားသမားလေး အဲရစ်ဂါဆီယာကို ခေါ်ယူသွားဖို့ ပြီးခဲ့တဲ့နွေရာသီလောက်ကတည်းက ပြင်ဆင်လို့နေတာဖြစ်ပြီး ဒီကစားသမားကလည်း ဒီနှစ်ဘောလုံးရာသီမှာ မန်စီးတီးနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်လို့ ဆောင်းစျေးကွက်အတွင်းမှာ ပြောင်းရွှေ့ကြေးအနည်းငယ်လောက်နဲ့ ခေါ်ယူနိုင်မှာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းရဲ့ လာမာစီယာအကယ်ဒမီကနေ ပေါ်ထွက်လာခဲ့တဲ့ ဂါဆီယာကိုယ်တိုင်ကလည်း မန်စီးတီးနဲ့ စာချုပ်သက်တမ်း တိုးမြှင့်တော့မှာမဟုတ်ဘူးလို့ ထုတ်ဖော်ပြောဆိုထားခဲ့တာဖြစ်လို့ သူ့ကို ဆောင်းစျေးကွက်အတွင်းမှာပဲ အသင်းဟောင်းဘာစီလိုနာဘက်ကနေ အသင်းဆီ ပြန်လည်ခေါ်ယူနိုင်ဖို့ အသေအချာ ကြိုးစားဖွယ် ရှိနေပါတယ်။ ယခင်ကတော့ ဘာစီလိုနာအသင်းဟာ အသက်လက်တီကိုမက်ဒရစ်ကို ရောက်ရှိသွားတဲ့ လူးဝစ်ဆွာရက်ဇ်ရဲ့နေရာအတွက် လိုင်ယွန်အသင်းရဲ့ နယ်သာလန်တိုက်စစ်ကစားသမားဒီပိုင်းကို ဆောင်းစျေးကွက်အတွင်းမှာ အရခေါ်ယူသွားဖို့ အဓိကပစ်မှတ်ထားနေတာဖြစ်ပေမယ့်လည်း အခုလို ပီကေးရဲ့ ဒဏ်ရာအခြေအနေကြောင့် ဒီပိုင်းထက် နောက်ခံလူတစ်ယောက်ဖြစ်တဲ့ အဲရစ်ဂါဆီယာကိုပဲ ဦးစားပေးကမ်းလှမ်းရတော့မှာဖြစ်ပါတယ်။