MySport Myanmar

ဇာဗီကို နည်းပြရာထူးကနေ ထုတ်ပယ်သွားဖို့ ရှိနေတဲ့ ဘာကာ ဥက္ကဌ လာပေါ်တာ

ဘာစီလိုနာအသင်းရဲ့ ဥက္ကဌဖြစ်သူ ယိုဟန် လာပေါ်တာက အသင်းနည်းပြ ဇာဗီ ဟာနန်ဒက်ဇ်ကို အခု ဘောလုံးရာသီအကုန်မှာ အသင်းနည်းပြရာထူးကနေ ထုတ်ပယ်သွားဖွယ် ရှိနေပြီလို့ စပိန် သတင်းမီဒီယာများစွာကနေ ဖော်ပြလာခဲ့ပါတယ်။

တကယ်တော့ ဇာဗီဟာ ဘာစီလိုနာအသင်းနဲ့ ဒီရာသီအကုန်မှာပဲ လက်တွဲဖြုတ်ဖို့ ဆုံးဖြတ်ချက် ချမှတ်ထားပြီးမှ သိပ်မကြာခင်လေးကပဲ သူရဲ့ဆုံးဖြတ်ချက်ကို ပြန်လည် ပြင်ဆင်ခဲ့ပြီး ဘာစီလိုနာနဲ့ပဲ ဆက်လက် လက်တွဲသွားဖို့ကိုသာ ရွေးချယ်လိုက်ပါတယ်။

Photo Credit : Goal

ကစားသမား အများအပြားနဲ့ ဥက္ကဌကြီး လာပေါ်တာတို့ကလည်း နည်းပြဇာဗီကို အသင်းမှာ ဆက်လက် ရှိနေဖို့အတွက် ဝိုင်းဝန်း တိုက်တွန်းမှုတွေကြောင့်သာ ဇာဗီအနေနဲ့ အသင်းမှာပဲ ဆက်ပြီး ရှိနေဖို့ကို ပြန်လည် ဆုံးဖြတ်ခဲ့တာပဲ ဖြစ်ပါတယ်။

ဒါပေမယ့် လက်ရှိ အခြေအနေတွေအရတော့ နည်းပြဇာဗီဟာ လာမယ့်ဘောလုံးရာသီအထိ ဘာစီလိုနာနည်းပြအဖြစ် ဆက်ရှိနေဖို့က လုံးဝ မသေချာတော့ပဲ ဖြစ်လာရပါတယ်။ အကြောင်းရင်းကတော့ အယ်လ်မီရီယာနဲ့ လာလီဂါပွဲစဉ် မတိုင်ခင် သတင်းစာရှင်းလင်းပွဲအတွင်း ဇာဗီရဲ့ မှတ်ချက်စကားတွေကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

Photo Credit : Clutch Points

ဇာဗီရဲ့ ပြောစကားတွေထဲမှာ သူတို့အသင်းအနေနဲ့ ခါးသီး မဟာပြိုင်ဘက် ရီးယဲလ်မက်ဒရစ်အသင်းနဲ့ ယှဉ်ပြိုင်ရ ခက်ခဲနေတဲ့အကြောင်းအပြင် အခု အသင်းကို ရောက်ရှိနေပြီဖြစ်တဲ့ ဘရာဇီးလ် တိုက်စစ်မှူးလေး ဗစ်တာ ရိုကေးကိုလည်း ပြီးခဲ့တဲ့ ဇန်နဝါရီလက ခေါ်ယူဖို့ အစီအစဉ် မရှိခဲ့ဘူးဆိုတာတွေ ပါဝင်ခဲ့ပါတယ်။

ဒီစကားတွေကြောင့် အသင်းဥက္ကဌ လာပေါ်တာက ဇာဗီအပေါ် အတော်လေး ဒေါသထွက်လာခဲ့ရပြီး လာပေါ်တာရဲ့ ဘုတ်အဖွဲ့ဝင်တွေ အများစုကလည်း ဇာဗီကို နည်းပြရာထူးကနေ ထုတ်ပယ်ဖို့ပါ ဖိအားပေးလာခဲ့ပါတယ်။ ဒီအခြေအနေတွေကြောင့် ဇာဗီဟာ သိပ်မကြာခင်မှာပဲ ဘာစီလိုနာ နည်းပြရာထူးကနေ သေချာပေါက် ထုတ်ပယ်ခံရလိမ့်မယ်လို့ စပိန်ရေဒီယို RAC1 ကနေ ဖော်ပြလာခဲ့ပါတယ်။

Exit mobile version