ဘာစီလိုနာအသင်းရဲ့ ဥက္ကဌဖြစ်သူ ယိုဟန်လာပေါ်တာက သူတို့အသင်းအနေနဲ့ အခု နွေဈေးကွက်အတွင်းမှာ ရောဘတ်လီဝန်ဒေါစကီး အပါအဝင် ကစားသမားသစ် (၅)ယောက်ကို ခေါ်ယူထားနိုင်ခဲ့ပြီ ဖြစ်ပေမယ့်လည်း ကစားသမား ခေါ်ယူမှုကို ရပ်တန့်သွားဦးမှာ မဟုတ်ပဲ ခံစစ်ပိုင်းအတွက် ခံစစ်ကစားသမားတစ်ဦးကို ထပ်မံ ဖြည့်တင်းသွားဦးမယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Laporta recibe a Robert Lewandowski

Photo Credit : Mundo Deportivo

ဘာစီလိုနာအသင်းဟာ ၂၀၂၂ခုနှစ် နွေရာသီ အပြောင်းအရွှေ့ဈေးကွက်အတွင်းမှာ ကတ်ဆေး ခရစ္စတန်ဆန် ပါဘလိုတော်ရေး ရာဖင်ညာနဲ့ လီဝန်ဒေါစကီးတို့ကို အသင်းအတွက် ခေါ်ယူအားဖြည့်ထားခဲ့ပြီး ကစားသမားသစ် (၅)ဦးအတွက် စုစုပေါင်း ပြောင်းရွှေ့ကြေးကို ယူရိုသန်း(၁၀၀)အထိ အသုံးပြုထားခဲ့ပါတယ်။ ဘဏ္ဍာရေးပိုင်းဆိုင်ရာ အခက်အခဲများစွာ ရှိနေသည့်တိုင်အောင် လက်ရှိ နွေဈေးကွက်ထဲမှာ ကစားသမားသစ်တွေအတွက် အသုံးစရိတ် ယူရိုသန်း(၁၀၀)အထိ ရှိနေတဲ့ ဘာစီလိုနာဟာ အခုနှစ် နွေအပြောင်းအရွှေ့အတွင်း တတိယမြောက် ငွေသုံးအများဆုံး ကလပ်အသင်းအဖြစ်နဲ့ပါ ရပ်တည်နေရပါတယ်။

Laporta: “¿Lewandowski? Estamos muy contentos”

Photo Credit : SPORT

ခံစစ် ကွင်းလယ်နဲ့ တိုက်စစ်နေရာ အစုံအတွက် အားဖြည့်တင်းခဲ့ပြီး အသင်းရဲ့ တောင်ပံကစားသမား ဒမ်ဘီလီကိုပါ စာချုပ်သက်တမ်း တိုးမြှင့်နိုင်ခဲ့သေးတဲ့ ဘာစီလိုနာအသင်းက အခုလည်း ခံစစ်ပိုင်းအတွက် ထပ်မံပြီး ခေါ်ယူမှုတွေ လုပ်ဆောင်ဦးမယ်လို့ အသင်းဥက္ကဌဖြစ်သူ လာပေါ်တာက ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။ လာပေါ်တာက “လီဝန်ဒေါစကီးရဲ့ အပြောင်းအရွှေ့ ပြီးသွားတဲ့နောက်မှာ အခု ကျွန်တော်တို့တွေ ခံစစ်ပိုင်းကို အားကောင်းလာအောင် လုပ်ဆောင်ဖို့ စောင့်ကြည့်နေပါတယ်။ လီဝန်ဒေါစကီးအတွက်ကိုတော့ ကျွန်တော်တို့တွေ ပီအက်စ်ဂျီ ချယ်လ်ဆီးနဲ့ ယှဉ်ပြိုင်ခဲ့ရတယ်။ သူကတော့ ကျွန်တော်တို့ဆီပဲ လာချင်နေတယ်။ သူက ကျွန်တော်တို့ဆီမှာ ပိုက်ဆံ နည်းနည်းလေးယူပြီး ပြောင်းရွှေ့လာခဲ့တာဖြစ်လို့ ကျွန်တော်တို့ သူ့ကို ကျေးဇူးတင်ရပါမယ်” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ လတ်တလောမှာတော့ ဘာစီလိုနာအသင်းဟာ ခံစစ်ပိုင်းအတွက် ဆီဗီလာအသင်းရဲ့ ပြင်သစ်လက်ရွေးစင် နောက်ခံကစားသမား ခွန်ဒဲကို ခေါ်ယူသွားဖို့ ဆန္ဒရှိနေပြီး ဒီတစ်ကြိမ်မှာလည်း ခွန်ဒဲအတွက် ချယ်လ်ဆီးအသင်းနဲ့ အပြိုင်ကြိုးပမ်းနေရလျက် ရှိနေပါတယ်။ ခွန်ဒဲကို ဘာစီလိုနာနည်းပြ ဇာဗီကိုယ်တိုင် နှစ်သက် သဘောကျနေတာဖြစ်လို့ ချယ်လ်ဆီးအသင်းထက် အလျင်အမြန် လက်ဦးမှု ရယူနိုင်အောင် ရက်ပိုင်းအတွင်းမှာပဲ တရားဝင် ကမ်းလှမ်းမှုတွေ စတင်ပြုလုပ်ဖွယ် ရှိနေပြီး ကစားသမား အလိုက်ပေး ကမ်းလှမ်းသွားဖို့ပါ ပြင်ဆင်နေတယ်လို့ သိရှိရပါတယ်။