MySport Myanmar

ကစားသမားသစ် အနည်းဆုံး (၄)ဦးခန့် ခေါ်ယူသွားမယ်လို့ ဘာစီလိုနာဥက္ကဌ ပြောဆို

လက်ရှိမှာ လမ်းကြောင်းမှန်ပေါ်ကို ပြန်လည်ရောက်ရှိလို့နေပြီဖြစ်တဲ့ ဘာစီလိုနာအသင်းရဲ့ အသင်းဥက္ကဌ ယိုဟန်လာပေါ်တာက အသင်းကို လာမယ့်ဘောလုံးရာသီမှာ အကောင်းဆုံးပုံစံ ဖြစ်နေစေဖို့အတွက် နွေစျေးကွက်အတွင်း တိုက်စစ် ကွင်းလယ် ခံစစ် နေရာစုံအတွက် ကစားသမားသစ် အနည်းဆုံး (၄)ယောက်ခန့်လောက်ကို ခေါ်ယူအားဖြည့်သွားမယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Twitter

ဘာစီလိုနာအသင်းဟာ ဒီနှစ်ဘောလုံးရာသီအစမှာ အသင်းရဲ့ key player မက်ဆီကို လက်လွတ်လိုက်ရလိုက်သလို နည်းပြကိုးမန်းကလည်း အသင်းကို မထိန်းကျောင်းပေးနိုင်တဲ့အတွက် အသင်းအခြေအနေက အဆိုးရွှားဆုံး အနေအထားကို ရောက်ခဲ့ရပေမယ့်လည်း နည်းပြဇာဗီလက်ထက်မှာတော့ အသင်းက ပြန်လည်တည့်မတ်လာခဲ့ပြီး ယူရိုပါလိဂ်ဖလားနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်တွေကိုပါ ပြန်လည်မျှော်လင့်လာနိုင်တဲ့ အနေအထားထိ ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ ဒီလို အရှိန်အဟုန်ကောင်းနေတဲ့ အသင်းကို အသင်းဥက္ကဌ လာပေါ်တာက လာမယ့်နွေစျေးကွက်မှာပဲ ကစားသမားသစ် ခေါ်ယူအားဖြည့်မှုတွေပါ အသေအချာ လုပ်ဆောင်ပေးသွားမယ်လို့ ပြောကြားသွားခဲ့ပါတယ်။

Photo Credit : Sky Sports

လာမယ့်ဘောလုံးရာသီနဲ့ ပတ်သက်ပြီး လာပေါ်တာက “တိုက်စစ် ကွင်းလယ်နဲ့ ခံစစ်ပိုင်းတွေကို အားဖြည့်သွားဖို့အတွက် အနည်းဆုံး ကစားသမား (၄)ဦးလောက်ကို ခေါ်ယူသွားမှာပါ” လို့ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ လက်ရှိမှာတော့ ချယ်လ်ဆီးအသင်းရဲ့ ဒိန်းမတ်လက်ရွေးစင် ဗဟိုနောက်ခံကစားသမား ခရစ္စတန်ဆန်ကို ခေါ်ယူဖို့ နှုတ်အားနဲ့ သဘောတူညီထားခဲ့ပြီ ဖြစ်သလို အေစီမီလန်အသင်းရဲ့ အိုင်ဗရီကို့စ်လက်ရွေးစင် ကွင်းလယ်ကစားသမား ဖရန့်ကတ်ဆေးကိုလည်း ခေါ်ယူနိုင်ဖို့ စာချုပ်ချုပ်ဆိုထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ ဒီကစားသမား(၂)ဦးကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မှာဖြစ်ပြီး ဆောင်းစျေးကွက်တုန်းက ဝုလ်ဗ်ကနေ အငှားနဲ့ ခေါ်ယူထားခဲ့တဲ့ စပိန်တောင်ပံကစားသမား အဒါမာထရာအိုရေးကိုပါ အပြီးသတ် ခေါ်ယူစာချုပ်ဖွယ်လည်း ရှိနေပါတယ်။ ဒါ့အပြင် အသင်းနဲ့ သက်တမ်းမတိုးတော့ပဲ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာတော့မယ့် နောက်ခံလူအာရူဟိုရဲ့ နေရာအတွက်ကိုလည်း နောက်ထပ် ခံစစ်ကစားသမားတစ်ဦးကို ထပ်မံခေါ်ယူဖွယ်လည်း ရှိနေပါတယ်။ ဘာစီလိုနာအသင်းဟာ လက်ရှိအချိန်ထိ ဘဏ္ဍာရေး အကျပ်အတည်းတွေ ရှိနေသေးတာကြောင့် အသင်းရဲ့ အဓိကပစ်မှတ် ဟာလန်းကို ခေါ်ယူနိုင်ဖို့က မလွယ်ကူဘူးလို့ လာပေါ်တာကိုယ်တိုင် ဝန်ခံပြောဆိုသွားခဲ့ပါတယ်။

Exit mobile version