ဘာစီလိုနာအသင်းဟာ လာမယ့် ဇန်နဝါရီလ ဆောင်းရာသီ ဘောလုံးသမား အပြောင်းအရွှေ့စျေးကွက်အတွင်းမှာ အသင်းကို အင်အားဖြည့်တင်းသွားဖို့အတွက် မန်ချက်စတာယူနိုက်တက်အသင်းမှာ ပုံမှန်နေရာ တစ်နေရာ ရရှိဖို့အတွက် အလွန်ခက်ခဲလို့နေတဲ့ နယ်သာလန် ကွင်းလယ်ကစားသမား ဒွန်နီဗန်ဒယ်ဘိခ်ကို အငှားစာချုပ်နဲ့ ခေါ်ယူသွားဖို့ စီစဉ်လျက်ရှိနေတယ်လို့ SPORT သတင်းမီဒီယာကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Metro

အသက်(၂၄)နှစ်အရွှယ်ရှိ နယ်သာလန်လက်ရွေးစင် ကွင်းလယ်ကစားသမား ဗန်ဒယ်ဘိခ်ဟာ ၂၀၂ဝခုနှစ်မှာပဲ အေဂျက်စ်ကနေ ယူနိုက်တက်အသင်းဆီကို ရောက်ရှိလာခဲ့တာဖြစ်ပြီး လက်ရှိမှာ အသင်းနဲ့အတူ ဒုတိယမြောက် ရာသီကို ဖြတ်သန်းနေရပေမယ့် အသင်းမှာ နေရာရဖို့က ခက်ခဲနေရသလို ဒီနှစ်ရာသီအတွင်းမှာလည်း အခုချိန်ထိ (၃)ပွဲသာ ကစားထားရတာ ဖြစ်ပါတယ်။ ဒီရာသီ ပရီးမီးယားလိဂ်မှာ (၆)မိနစ်လေးသာ ပါဝင်ထားခဲ့ရတဲ့ ဗန်ဒယ်ဘိခ်ဟာ ဒီလိုအခြေအနေမှာ အသင်းနဲ့ ဆက်လက် လက်မတွဲချင်တော့ပဲ လာမယ့်ဆောင်းစျေးကွက်အတွင်းမှာ အသင်းကနေ ထွက်ခွာချင်တာဖြစ်လို့ ဒီကစားသမားကို ကလပ်အသင်းများစွာကနေ ပစ်မှတ်ထားလာခဲ့တာ ဖြစ်ပါတယ်။

Photo Credit : talkSPORT

နယ်သာလန် ကွင်းလယ်ကစားသမား ဗန်ဒယ်ဘိခ်ကို ပရီးမီးယားလိဂ် ကလပ်အသင်းတွေဖြစ်တဲ့ အဲဗာတန် နယူးကာဆယ်အသင်းတွေက ခေါ်ယူဖို့ စိတ်ဝင်စားနေကြသလို ဒီရာသီမှာ ရုန်းကန်လို့နေရတဲ့ စပိန်လာလီဂါရဲ့ ထိပ်တန်းကလပ်အသင်းကြီး ဘာစီလိုနာကပါ ပစ်မှတ်ထားလာခဲ့တယ်လို့ စပိန်သတင်းမီဒီယာ SPORT ကနေ ဖော်ပြလာပါတယ်။ လီယွန်နယ်မက်ဆီ ဂရီးဇ်မန်းတို့လို ထိပ်တန်းကစားသမားတွေကို ဆုံးရှုံးထားရတဲ့ ဘာစီလိုနာအသင်းဟာ ဒီနှစ်ဘောလုံးရာသီအတွင်း ရုန်းကန်မှုများစွာနဲ့ လာလီဂါ အမှတ်ပေးဇယားမှာလည်း အဆင့်(၉)နေရာထိ ရောက်ရှိနေသလို ချန်ပီယံလိဂ်ပြိုင်ပွဲမှာပါ နောက်တစ်ဆင့်တတ်လှမ်းဖို့ ခက်ခဲလို့နေရတာ ဖြစ်ပါတယ်။ ဒီလိုအခြေအနေ ရှိနေတဲ့ ဘာစီလိုနာအသင်းဟာ လာမယ့် ဆောင်းရာသီစျေးကွက်မှာပဲ အသင်းရဲ့ လူအင်အားကို ဖြည့်တင်းသွားဖို့အတွက် ယူနိုက်တက်အသင်း ကွင်းလယ်ကစားသမား ဗန်ဒယ်ဘိခ်ကို အရခေါ်ယူသွားဖို့ ရှိနေပေမယ့် အသင်းရဲ့ ဘဏ္ဍာရေး အခြေအနေတွေကြောင့် ချက်ချင်း အပြီးသတ် ခေါ်ယူနိုင်မှာ မဟုတ်သေးပဲ အငှားစာချုပ်နဲ့သာ ကမ်းလှမ်းဖွယ် ရှိနေရပါတယ်။