ဘာစီလိုနာအသင်းဟာ သူတို့အသင်းရဲ့ အဓိက ပစ်မှတ်ကစားသမားဖြစ်တဲ့ တောင်ပံကစားသမားလေး နီကို ဝီလီယံစ်ကို ခေါ်ယူနိုင်ဖို့အတွက် နောက်ခံလူ အင်နီကို မာတီနက်ဇ် အပါအဝင် ပြောင်းရွှေ့ကြေး ယူရို (၆၅)သန်းကိုမှ အရစ်ကျ ကမ်းလှမ်းမှုမျိုးနဲ့ ဒုတိယအကြိမ် ကမ်းလှမ်းထားတယ်လို့ စပိန်အခြေစိုက် sport မီဒီယာကနေ ဖော်ပြလာခဲ့ပါတယ်။
အသက် (၂၁)နှစ်သာ ရှိသေးတဲ့ စပိန် လက်ရွေးစင် ဘယ်တောင်ပံ ကစားသမားလေး နီကို ဝီလီယံစ်ဟာ ဘီလ်ဘာအို လူငယ်အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့သူဖြစ်ပြီး လက်ရှိမှာတော့ ဘီလ်ဘာအို စီနီယာအသင်းအတွက်သာမကပဲ စပိန်အသင်းအတွက် အရေးပါတဲ့ ကစားသမားတစ်ဦးပါ ဖြစ်လို့နေပါတယ်။
Photo Credit : Eurosport
ဘယ်ညာတောင်ပံနှစ်ဖက်လုံး ကစားနိုင်တဲ့ နီကို ဝီလီယံစ်ဟာ ပြီးခဲ့တဲ့ရာသီကလည်း ဘီလ်ဘာအိုအသင်းအတွက် ပြိုင်ပွဲစုံ (၃၉)ပွဲကစား (၈)ဂိုးသွင်းယူပြီး (၁၉)ဂိုးအထိတောင် ဖန်တီးပေးထားနိုင်ခဲ့ပါတယ်။ ဒီလို စွမ်းဆောင်မှုတွေ ပြသထားနိုင်တဲ့ ဝီလီယံစ်ကို ချယ်လ်ဆီး အာဆင်နယ် လီဗာပူးလ်တို့လို ပရီးမီးယားလိဂ် ကလပ်အသင်းတွေနဲ့ ဘာစီလိုနာကပါ စိတ်ဝင်စားလို့နေပါတယ်။
လက်ရှိ ယူရို-၂၀၂၄ပြိုင်ပွဲမှာပါ စပိန်အသင်းအတွက် အကောင်းဆုံး ခြေစွမ်းတွေ ပြသထားနိုင်တဲ့ ဝီလီယံစ်ကို ဘာစီလိုနာအသင်းက ကနဦး ကမ်းလှမ်းချက်အဖြစ် နောက်ခံလူ မာတီနက်ဇ် အပါအဝင် ယူရို သန်း(၄၀)ကိုမှ နှစ်ကြိမ်ခွဲပေးမယ့် ကမ်းလှမ်းမှုနဲ့ ကမ်းလှမ်းခဲ့ရာ ဒါကို ဘီလ်ဘာအိုဘက်က ငြင်းဆန် ပယ်ချထားခဲ့ပါတယ်။
Photo Credit : FC Barcelona Noticias
တကယ်တော့ ဘီလ်ဘာအိုအသင်းဘက်က သူတို့ ကြယ်ပွင့်ကစားသမားလေး နီကို ဝီလီယံစ်အတွက် စာချုပ်ဖျက်သိမ်းကြေးအဖြစ် ယူရို (၅၈)သန်းအထိ သတ်မှတ်ထားတာဖြစ်ပြီး လက်ရှိမှာတော့ အာဆင်နယ်နဲ့ လီဗာပူးလ်တို့က ဝီလီယံစ်ရဲ့ release clause အတိုင်း ကမ်းလှမ်းသွားဖို့ ဆန္ဒရှိနေကြပါတယ်။
အဲ့ဒီအချိန်မှာပဲ ဘာစီလိုနာက ဝီလီယံစ်အတွက် သူတို့ ကနဦး ကမ်းလှမ်းထားတဲ့ ပုံစံကိုမှ နောက်ခံလူ မာတီနက်ဇ်အပြင် ပြောင်းရွှေ့ကြေး ယူရို (၆၅)သန်းထိ တိုးမြှင့်ပြီး ကမ်းလှမ်းမှု ပြုလုပ်လာခဲ့ပါတယ်။ ဒါပေမယ့် ဘာစီလိုနာက ယူရို (၆၅)သန်းကို ချက်ချင်း ပေးချေမှာ မဟုတ်ပဲ အရစ်ကျပုံစံနဲ့သာ ပေးချေသွားမှာဖြစ်လို့ အခုတစ်ကြိမ် ကမ်းလှမ်းမှုဟာလည်း ပယ်ချခံရဖို့သာ ရှိနေပါတယ်။