ဒီနှစ်ဘောလုံးရာသီမှာ စပိန်လာလီဂါ အမှတ်ပေးဆုဖလားအပါအဝင် စပိန်စူပါဖလားနဲ့ စပိန်ကိုပါဒယ်ရေးဖလားတွေ အားလုံးနဲ့ပါ လွဲချော်ခဲ့ရတဲ့ ဘာစီလိုနာအသင်းဟာ လက်ရှိမှာ ချန်ပီယံလိဂ်ပြိုင်ပွဲကို ဆက်လက်ဆင်နွဲရဦးမှာ ဖြစ်ပေမယ့်လည်း ဒီရာသီအတွင်း ပြသထားခဲ့တဲ့ ခြေစွမ်းတွေအရဆိုရင် ချန်ပီယံလိဂ်မှာပါ အောင်မြင်မှုရယူနိုင်ဖို့က ခက်ခဲနေပါတယ်။ ဒီလို အခြေအနေတွေက ကစားသမားတစ်ယောက်တည်းအပေါ် အလွန်အကျွံ မှီခိုလွန်းမှုတွေကြောင့်ဖြစ်တယ်လို့ ဘာစီလိုနာကစားသမားဟောင်း အဲလ်ဘတ်ဖာရယ်က သတိပေးပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Goal

အသက်(၃၃)နှစ်အရွှယ်ရှိ အာဂျင်တီးနားလက်ရွေးစင် တိုက်စစ်ကစားသမား လီယွန်နယ်မက်ဆီကို မှီခိုအားထားလွန်းတဲ့ အသင်းဖြစ်နေတဲ့ ဘာစီလိုနာကို ဘောလုံးပရိသတ်တချို့က မက်ဆီလိုနာလို့တောင် လှောင်ပြောင်ခေါ်ဆိုတတ်ကြသလို မက်ဆီကိုယ်တိုင်ကလည်း သူရဲ့ဘာစီလိုနာအသင်းမှာ ကစားသမားဘဝ ကုန်ဆုံးချိန်လောက်အထိကို ဆက်လက်ကစားပေးဖို့ အစီအစဉ်ရှိနေသူဖြစ်ပါတယ်။ အသက်(၃၅)နှစ်နား ကပ်လာပေမယ့်လည်း အကောင်းဆုံးခြေစွမ်းတွေကို ဆက်လက်ထိန်းသိမ်းထားနိုင်သေးတဲ့ မက်ဆီရဲ့ဦးဆောင်မှုနဲ့ ဘာစီလိုနာအသင်းက လည်ပတ်နေရတာဖြစ်ပြီး အသင်းမှာ သူ့လိုတန်းတူ အသင်းအတွက် အရေးပါတဲ့ ကစားသမားဆိုတာ မရှိလောက်အောင် ဘာစီလိုနာက မက်ဆီကိုပဲ တအားမှီခိုလွန်းနေခဲ့ပါတယ်။

Photo Credit : Goal

ဒီကိစ္စရပ်နဲ့ပတ်သက်ပြီး ဘာစီလိုနာအသင်းရဲ့ နောက်ခံကစားသမားဟောင်းကြီးဖာရယ်က “ကျွန်တော်က မက်ဆီအနေနဲ့ ဘယ်လိုစိတ်ခံစားချက်တွေ ရှိနေမလဲဆိုတာကို သိပ်ပြီးစိတ်မပူပါဘူး။ သူက ပြိုင်ပွဲမှန်သမျှကို ယှဉ်ပြိုင်ကစားလိုစိတ်ရှိတယ်။ ချန်ပီယံလိဂ်ဖလားကိုလည်း ထပ်ယူချင်နေမှာပဲ။ ကျွန်တော်ကတော့ သူရဲ့ကစားသမားဘဝကို ဒီမှာပဲ အဆုံးသတ်လိမ့်မယ်လို့ ထင်မိပါတယ်။ သူက ဘာစီလိုနာကို အရမ်းချစ်တဲ့သူလေ။ ဒါပေမယ့် ဘယ်ဘောလုံးအသင်းကမှ ကစားသမားတစ်ယောက်တည်းအပေါ်မှာပဲ မှီခိုမနေပါဘူး။ ဘာစီလိုနာအသင်းအနေနဲ့ မက်ဆီကို အနည်းငယ်တာဝန်တွေ လျော့ချပေးသင့်ပါပြီ။ ဒါပေမယ့် ခက်တာက သူကလည်း အကောင်းဆုံးပုံစံနဲ့ ကစားနိုင်သေးတယ်။ သူ့ဆီကို ဘောလုံးရောက်သွားတာနဲ့ တစ်ခုခုရအောင် လုပ်နိုင်သေးတယ်။ မက်ဆီကို ဆက်လက်ပိုင်ဆိုင်ထားနိုင်သေးတာကတော့ ဘာစီလိုနာအတွက် အရမ်းကိုကောင်းပါတယ်။ ဒါပေမယ့် တခြားကစားသမားတွေလည်း များများကစားခွင့်တွေ လိုအပ်သေးတယ်လေ။ တစ်ခါတစ်လေ မက်ဆီအနားမှာ ပြိုင်ဘက်ခံစစ်မှူးတွေ ဝိုင်းနေတဲ့အချိန် တခြားလမ်းကြောင်း ဖောက်ထွက်နိုင်မယ့်သူလည်း လိုသေးတယ်။ ဒါကြောင့် ဘာစီမှာက မက်ဆီလိုပဲ နောက်ထပ်အသင်းအတွက် အရေးပါတဲ့ ကစားသမားတွေ လိုအပ်ပါတယ်။ ဒီကစားသမားတွေကို အသင်းရဲ့အဓိကကျတဲ့သူဖြစ်လာဖို့ အကူအညီပေးရပါလိမ့်မယ်” လို့ တိုက်တွန်းသွားခဲ့ပါတယ်။