MySport Myanmar

ရာဖင်ညာကို ခေါ်ယူနိုင်ဖို့ ပြောင်းရွှေ့ကြေးအပိုင်းမှာ အခက်အခဲတွေ့နေရတဲ့ ဘာစီလိုနာ

ဘာစီလိုနာအသင်းဟာ လာမယ့် ဘောလုံးရာသီမှာ အသင်းရဲ့ လူအင်အားကို အတောင့်တင်းဆုံး အခြေအနေမျိုး ဖြစ်နေစေဖို့အတွက် ကစားသမားသစ်တွေ ခေါ်ယူအားဖြည့်ချင်နေပြီး ခေါ်ယူချင်နေတဲ့ ကစားသမားထဲမှုာ လိဒ်စ်ယူနိုက်တက်အသင်းရဲ့ ဘရာဇီးလ် တောင်ပံကစားသမား ရာဖင်ညာလည်း ပါဝင်နေပြီး ကစားသမားကိုယ်တိုင် ဘာစီလိုနာကို ပြောင်းရွှေ့ချင်နေပေမယ့်လည်း ပြောင်းရွှေ့ကြေးအပိုင်းမှာ အခက်အခဲတွေ့နေရတယ်လို့ သိရှိရပါတယ်။

Photo Credit : Sport Illustrated

အသက်(၂၅)နှစ်အရွယ် ဘရာဇီးလ်လက်ရွေးစင် တောင်ပံကစားသမား ရာဖင်ညာဟာ ၂၀၂၀ခုနှစ်ကမှ ရန်းစ်ကနေ လိဒ်စ်ယူနိုက်တက်ဆီ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး လိဒ်စ်မှာ အကောင်းဆုံး တောက်ပနိုင်တာကြောင့် သူ့ကို ကလပ်အသင်းကြီးတွေက စိတ်ဝင်စားလာခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ လိဒ်စ်နဲ့ နှစ်ရာသီ ဖြတ်သန်းထားနိုင်ခဲ့တဲ့ ရာဖင်ညာဟာ အသင်းအပြောင်းအလဲ လုပ်ဆောင်ချင်နေပြီး သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေထဲကမှ ဘာစီလိုနာအသင်းဆီကို ပြောင်းရွှေ့ချင်နေသလို (၅)နှစ်သက်တမ်းရှိတဲ့ စာချုပ်တစ်ရပ်နဲ့ ပြောင်းရွှေ့ဖို့အတွက်ပါ ရာဖင်ညာရဲ့ အေးဂျင့်ဒေကိုနဲ့ သဘောတူညီမှု ရယူထားနိုင်ခဲ့ပါသေးတယ်။

Photo Credit : CaughtOffside

ဒီလို ကစားသမားနဲ့ သဘောတူညီမှု ရယူထားနိုင်ခဲ့ပေမယ့်လည်း လိဒ်စ်အသင်းဘက်ကတော့ ရာဖင်ညာလို သူတို့ရဲ့ ကြယ်ပွင့်ကစားသမားအတွက် ပြောင်းရွှေ့ကြေး ယူရို(၅၅)သန်းလောက်အထိ အလိုရှိနေတာဖြစ်ပြီး ဒီတန်ကြေးပမာဏကိုလည်း လျှော့ချပေးသွားဖွယ်လည်း မရှိဘူးလို့ သိရပါတယ်။ ဒီတန်ကြေးအရဆိုရင် ဘဏ္ဍာရေး အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတဲ့ ဘာစီလိုနာအတွက် အခက်တွေ့ရနိုင်ပြီး လတ်တလောမှာ ရာဖင်ညာကို အာဆင်နယ် မန်ချက်စတာယူနိုက်တက် ချယ်လ်ဆီးတို့လို ပရီးမီးယားလိဂ်အသင်းတွေကပါ ဝိုင်းစိတ်ဝင်စားနေတဲ့ အနေအထားမျိုး ဖြစ်နေတာကြောင့် ဒီအသင်းတွေနဲ့အပြိုင် ကမ်းလှမ်းဖို့ကလည်း ဘာစီလိုနာအသင်းအတွက် ခေါင်းခဲရနိုင်ပါတယ်။ ပရီးမီးယားလိဂ် ထိပ်တန်းအသင်းတွေကတော့ ရာဖင်ညာကို ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့် လက်ရှိအချိန်ထိ တရားဝင် ကမ်းလှမ်းမှုတွေ မရှိသေးတာကြောင့် ဒါက ဘာစီလိုနာအတွက် အဆင်ပြေနိုင်တဲ့ အခြေအနေမျိုး ဖြစ်နေပေမယ့် ဒီအသင်းတွေနဲ့သာ အပြိုင်ကမ်းလှမ်းရမယ်ဆိုရင်တော့ ရာဖင်ညာကို လက်လျှော့ကောင်း လက်လျှော့ရနိုင်ဖွယ် ရှိနေရပါတယ်။

Exit mobile version