ဘာစီလိုနာအသင်းကတော့ အသင်းရဲ့ ကစားသမားအင်အားနဲ့ တိုက်စစ်ပိုင်း အင်အားတောင့်တင်းလာစေဖို့အတွက် မကြာခင်မှာ ပြန်လည်ဖွင့်လစ်သွားတော့မယ့် ဆောင်းရာသီ အပြောင်းအရွှေ့စျေးကွက်အတွင်း ပုံမှန်ပွဲကစားခွင့်တွေ အလိုရှိနေလို့ အသင်းအပြောင်းအလဲ လုပ်ချင်နေတဲ့ အင်္ဂလန် တောင်ပံကစားသမား ရာဟင်စတာလင်ကို မန်စီးတီးအသင်းကနေ ရာသီကုန်အထိ အငှားစာချုပ်နဲ့ ကမ်းလှမ်းသွားဖို့အတွက် အဓိကပစ်မှတ်ထားနေတယ်လို့ စပိန်သတင်းမီဒီယာများစွာကနေ ဖော်ပြလာပါတယ်။

Photo Credit : Mad About EPL

အသက်(၂၆)နှစ်အရွှယ်ရှိ အင်္ဂလန်လက်ရွေးစင် တောင်ပံတိုက်စစ်ကစားသမား စတာလင်ဟာ ဒီနှစ်ဘောလုံးရာသီမှာ မန်စီးတီးအသင်းအတွက် အဓိက ကစားသမားတစ်ယောက်အဖြစ် ပွဲစဉ်တိုင်းကို ပွဲထွက်ကစားသမားအနေနဲ့ ကစားခဲ့ရခြင်း မရှိတဲ့အတွက် ဒီအပေါ်မှာ စိတ်ပျက်လျက်ရှိနေပြီး သူ့ကို ပုံမှန်ပွဲထွက်ခွင့် ပေးလာနိုင်မယ့် အသင်းမျိုးရှိရင် အဲ့ဒီအသင်းနဲ့ အပြောင်းအရွှေ့ကိစ္စတွေ ဆွေးနွေးချင်ကြောင်းနဲ့ ပြည်ပကလပ်တစ်ခုမှာပါ သွားရောက်ကစားဖို့ ဆန္ဒရှိနေကြောင်းကိုပါ ထုတ်ဖော်ပြောဆိုထားခဲ့ပါတယ်။ စတာလင်ရဲ့ အခုလို ထုတ်ဖော်ပြောဆိုမှုအပေါ်မှာလည်း နည်းပြဂွာဒီယိုလာက ဘယ်ကစားသမားရဲ့ ပွဲထွက်ခွင့်ကိုမှ သူအာမခံပေးနိုင်မှာ မဟုတ်ဘူးလို့ ပြန်လည်တုံ့ပြန်ထားခဲ့ပါသေးတယ်။

Photo Credit : Goal

ဒီလိုအခြေအနေမျိ်ုး ရှိနေရတဲ့ စတာလင်ကို လတ်တလောမှာ ဘာစီလိုနာအသင်းကနေ အသင်းရဲ့ အဓိကပစ်မှတ်အဖြစ်နဲ့ပါ သတ်မှတ်လို့ထားပြီး လာမယ့်ဇန်နဝါရီလ ဆောင်းစျေးကွက်အတွင်းမှာပဲ ရာသီကုန်အထိ အငှားစာချုပ်နဲ့ ကမ်းလှမ်းဖွယ် ရှိနေပါတယ်။ မန်စီးတီးအသင်းဘက်ကတော့ ဘောလုံးရာသီတစ်ခုအတွင်း ပြိုင်ပွဲ(၄)ခုလုံးကို အာရုံစိုက် ယှဉ်ပြိုင်နေတာဖြစ်လို့ အသင်းရဲ့ ကစားသမားအင်အားကို ဒီအတိုင်းသာ ဆက်လက်ထိန်းသိမ်းထားချင်နေတဲ့အတွက် စတာလင်ကို အငှားချဖို့ လက်မခံဖွယ် ရှိနေပေမယ့် ကစားသမားဘက်ကနေသာ အသင်းနဲ့ လက်တွဲဖြုတ်ချင်မယ်ဆိုရင် လက်ခံဖွယ် ရှိနေပါတယ်။ ဘာစီလိုနာအသင်းအနေနဲ့ ပြီးခဲ့တဲ့ နွေရာသီ စျေးကွက်အတွင်းမှာလည်း မန်စီးတီးကစားသမားတွေဖြစ်တဲ့ တိုက်စစ်မှူးကြီး ဆာဂျီယိုအဂွဲရိုးနဲ့ နောက်ခံလူ အဲရစ်ဂါဆီယာတို့ကိုလည်း အလွတ်ပြောင်းရွှေ့ကြေးတွေနဲ့ ခေါ်ယူထားခဲ့ပါတယ်။ လက်ရှိ အခြေအနေတွေအရ စတာလင်အနေနဲ့ အသင်းအပြောင်းအလဲ လုပ်ဆောင်ချင်နေတဲ့အတွက် ဒါက ဘာစီလိုနာအတွက် အခွင့်ကောင်း ဖြစ်လာနိုင်ပေမယ့်လည်း စတာလင်ရဲ့ လစာမြင့်မားမှုကတော့ ဘာစီလိုနာအတွက် အခက်အခဲတစ်ခု ဖြစ်လာနိုင်ပါတယ်။