အခုအချိန်က မတ်လထဲကို ရောက်ရှိနေပြီဖြစ်လို့ ဘောလုံးရာသီတစ်ခု ပြီးဆုံးသွားဖို့က နီးစပ်နေပြီဖြစ်ပြီး သိပ်မကြာခင်မှာပဲ နွေရာသီ ဘောလုံးသမား အပြောင်းအရွှေ့စျေးကွက်ကလည်း ဖွင့်လှစ်တော့မှာဖြစ်လို့ အခုချိန်မှာ ဘောလုံးအသင်းတိုင်းလိုလိုက ကစားသမားအသစ်ခေါ်ယူဖို့နဲ့ အသင်းက ကစားသမားတွေကို ထုတ်ရောင်းချဖို့တွေကို လုပ်ဆောင်နေကြပြီဖြစ်ပါတယ်။ လက်ရှိမှာတော့ လိုင်ယွန်အသင်းရဲ့ ဆယ်ကျော်သက်ကစားသမား ရိုင်ယန်ချာကီဟာ ဘောလုံးစျေးကွက်အတွင်းမှာ အသင်းတိုင်းကြိုက်တဲ့ ကစားသမားဖြစ်နေရပြီး ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာအသင်းတို့ကနေ ခေါ်ယူဖို့ အပြိုင်စိတ်ဝင်စားလျက်ရှိနေပါတယ်။

Photo Credit : Getty Image

အသက်(၁၆)နှစ်အရွှယ်သာရှိသေးတဲ့ ဆယ်ကျော်သက် တိုက်စစ်ကစားသမားလေးဟာ နာမည်ကျော်ပြင်သစ်လီဂူးကလပ် လိုင်ယွန်အသင်းမှာ ပါဝင်ကစားနေတဲ့ လူငယ်ကစားသမားလေးဖြစ်ကာ ပြီးခဲ့တဲ့လပိုင်းကမှ လိုင်ယွန်စီနီယာအသင်းအတွက် စတင်ပွဲဦးထွက်ကစားခဲ့ရသူဖြစ်ပါတယ်။ ချာကီဟာ လိုင်ယွန်လူငယ်အသင်းနဲ့အတူ UEFA Youth Cup မှာ ပါဝင်ကစားရင်းနဲ့ (၅)ပွဲအတွင်းမှာ (၄)ဂိုးသွင်းယူနိုင်ခဲ့ကာ သူရဲ့တိုက်စစ်စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့တာကြောင့် စီနီယာအသင်းကြီးကနေ သူ့ကိုပွဲကစားခွင့်တွေပေးလာခဲ့ကာ အခုဆိုရင် ပြင်သစ်လီဂူးမှာတောင် (၆)ပွဲအထိ ပါဝင်ကစားခဲ့ပြီဖြစ်ပါတယ်။

Photo Credit : Getty Image

ပြင်သစ်ယူ-၁၆အသင်းအတွက် ပါဝင်ကစားခဲ့ဖူးသူဖြစ်တဲ့ ချာကီဟာ လိုင်ယွန်စီနီိယာအသင်းနဲ့အတူ ချန်ပီယံလိဂ်မှာလည်း ပါဝင်ကစားခွင့်ရထားခဲ့သူဖြစ်ပြီး ဇင်းနစ်အသင်းနဲ့ ကစားခဲ့ရတဲ့ ချန်ပီယံလိဂ် အုပ်စုအဆင့် နောက်ဆုံးပွဲမှာ လူစားဝင်ကစားသမားအဖြစ် ပါဝင်ခဲ့ရပါတယ်။ အရည်အသွေးကောင်းတွေကို ပိုင်ဆိုင်ထားသူဖြစ်လို့ ချာကီကို ဥရောပအသင်းပေါင်းများစုံကနေ စိတ်ဝင်တစားရှိနေကြပြီး ဒီအသင်းတွေထဲကမှ လာလီဂါရဲ့ထိပ်သီးအသင်းများဖြစ်ကြတဲ့ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ဘာစီလိုနာအသင်းတို့က အသည်းအသန်ကို ပစ်မှတ်ထားလို့နေပါတယ်။ ဒီအသင်း(၂)သင်းလုံးက အနာဂတ်စီမံကိန်းအတွက် လူငယ်ခြေတတ်လေး ကစားသမားလေးတွေကို လိုက်လံစုဆောင်းနေတာဖြစ်ပြီး လာမယ့်နွေစျေးကွက်အတွင်းမှာ အပြိုင်ကမ်းလှမ်းကြဖွယ်ရှိနေပါတယ်။