ပီအက်စ်ဂျီအသင်း ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ရှုံးထွက် (၁၆)သင်းအဆင့်ကနေ ထွက်ခွာခဲ့ရပြီးနောက်မှာ အသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်တဲ့ တိုက်စစ်မှူး နေမာကို ရောင်းထုတ်သွားဖို့အထိ စဉ်းစားလာခဲ့တာကြောင့် နေမာနဲ့ သူရဲ့အသင်းဟောင်း ဘာစီလိုနာတို့ကြား သတင်းတွေ ပြန်လည်ထွက်ပေါ်လာခဲ့ရပေမယ့်လည်း ဘာစီလိုနာဘက်ကတော့ နေမာကို ပြန်ခေါ်ယူဖို့ စိတ်ကူးမရှိဘူးလို့ သိရှိရပါတယ်။

Photo Credit : Barca Universal

ပီအက်စ်ဂျီအသင်းဟာ ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ရှုံးထွက်အဆင့်မှာ ရီးယဲလ်မက်ဒရစ်နဲ့ ရင်ဆိုင်ခဲ့ရပြီး နောက်တစ်ဆင့်တတ်နိုင်မယ့် အခြေအနေမျိုးတွေထိပါ ပိုင်ဆိုင်ခဲ့ပြီးမှ ရီးယဲလ်ဘက်ကို ဂိုးတွေခွင့်ပြုပေးခဲ့ရကာ နောက်ဆုံးမှာတော့ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။ အခုလို ချန်ပီယံလိဂ်ကနေ ထွက်ခွာခဲ့ရမှုက ပီအက်စ်ဂျီအသင်းရဲ့ မျှော်မှန်းချက်တွေကို ထိခိုက်စေခဲ့ရပြီး လာမယ့် ဘောလုံးရာသီအတွက် အပြောင်းအလဲတွေ ပြုလုပ်သွားဖို့ကိုပါ စီစဉ်နေပြီ ဖြစ်ပါတယ်။ ပထမဆုံး အပြောင်းအလဲအနေနဲ့ အသင်းရဲ့ ကမ္ဘာ့စံချိန်တင် ပြောင်းရွှွေ့ကြေးရှင် ဘရာဇီးလ် တိုက်စစ်ကစားသမား နေမာကို အသင်းကနေ ထွက်ခွာခွင့်ပြုသွားဖွယ် ရှိနေတာ ဖြစ်ပါတယ်။

Photo Credit : TEAMtalk

လက်ရှိမှာ အသက်(၃၀)အရွှယ်ကို ရောက်ရှိနေပြီဖြစ်တဲ့ ဘရာဇီးလ်လက်ရွေးစင် တိုက်စစ်ကစားသမား နေမာဟာ လွန်ခဲ့တဲ့ ၂၀၁၇ခုနှစ်ကမှ ဘာစီလိုနာအသင်းကနေ ပီအက်စ်ဂျီအသင်းဆီ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးဖြစ်တဲ့ ယူရို(၂၂၂)သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိိတော့ နေမာဟာ ပရိသတ်တွေ မျှော်မှန်းထားသလောက် အသင်းရဲ့ မရှိမဖြစ် ကစားသမားတစ်ဦးလို ခြေစွမ်းပြနိုင်ခြင်း မရှိပဲ ဒဏ်ရာပြသာနာများစွာနဲ့ ကျင်လည်နေခဲ့ရတာ ဖြစ်ပါတယ်။ ဒါ့အပြင် နေမာဟာ သူရဲ့အသင်းဟောင်းဖြစ်တဲ့ ဘာစီလိုနာအသင်းနဲ့လည်း အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်ခဲ့ဖူးပြီး ဘာစီလိုနာက နေမာကို ပြန်လည်ခေါ်ယူချင်ခဲ့သလို နေမာကလည်း အသင်းဟောင်းဆီကို ပြန်လည်ပြောင်းရွှေ့ချင်ခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီအချိန်က ပီအက်စ်ဂျီအသင်းဟာ နေမာကို ရောင်းချဖို့ စိတ်ကူးမရှိခဲ့တာကြောင့် ငြင်းဆန်ခဲ့ပြီး အခုအချိန်မှသာ နေမာကို ပြန်လည်ခေါ်ယူပေးဖို့ ဘာစီလိုနာအသင်းဆီ ချိတ်ဆက်လာခဲ့ရာ ဘာစီလိုနာဘက်က နေမာကို ပြန်ခေါ်ဖို့ စိတ်ကူးမရှိကြောင်း ပယ်ချသွားခဲ့ပါတယ်။ နေမာဟာ ပီအက်စ်ဂျီအသင်းနဲ့ ပြင်သစ်ပြည်တွင်းမှာ ဆုဖလား အကုန်နီးပါး ရယူနိုင်ခဲ့ပေမယ့် ချန်ပီယံလိဂ်မှာတော့ ဖိုင်နယ်ထိ တစ်ကြိမ်သာ ရောက်ရှိခဲ့ရသလို လက်ရှိလည်း အသင်းပရိသတ်တွေရဲ့လှောင်ပြောင်မှုနဲ့ပါ ရင်ဆိုင်နေရတဲ့အတွက် ပီအက်စ်ဂျီကနေ ထွက်ခွာဖွယ် ရှိနေပေမယ့် အသင်းနဲ့ ၂၀၂၅ခုနှစ်အထိ စာချုပ်သက်တမ်း ရှိနေသေးသလို သူရဲ့ ပြောင်းရွှေ့ကြေးနဲ့ လစာတွေကလည်း မြင့်မားနိုင်တာကြောင့် အသင်းပြောင်းဖို့က ခက်ခဲနိုင်ဖွယ် ရှိနေပါတယ်။