MySport Myanmar

လီဝန်ဒေါစကီး နေရာမှာ လာလီဂါ ကြယ်ပွင်ဟောင်းနဲ့ အစားထိုးမယ့် ဘာကာ

ဘာစီလိုနာအသင်းကတော့ အသင်းရဲ့ ပိုလန် ဝါရင့် တိုက်စစ်မှူးကြီး ရောဘတ် လီဝန်ဒေါစကီးရဲ့နေရာမှာ ရေရှည်အစားထိုးဖို့အတွက် နယူးကာဆယ်ရဲ့ ဆွီဒင် တိုက်စစ်ကစားသမား အီဆက်ခ်ကို ပစ်မှတ်ထားနေတယ်လို့ စပိန် သတင်းမီဒီယာတွေမှာ ဖော်ပြလာခဲ့ပါတယ်။

ဘိုင်ယန် ကစားသမားဟောင်း လီဝန်ဒေါစကီးက ဘာစီလိုနာအသင်းရဲ့ တိုက်စစ်ပိုင်းမှာ အဓိကနေရာကနေ ပါဝင်နေပေမယ့်လည်း အသက်အရွယ်အရ အကျပိုင်းကို ရောက်လာနေပြီ သူ့နေရာမှာ ရေရှည် အစားထိုးသွားလို့ ရနိုင်မယ့် တိုက်စစ်ကစားသမားတွေကို ဘာစီလိုနာဘက်က ရှာဖွေလာခဲ့ပါတယ်။

Photo Credit : FC Barcelona Noticias

မကြာသေးခင်တုန်းကတော့ ဘာစီလိုနာအသင်းဟာ လိုက်ပ်ဇစ်ရဲ့ ဆလိုဗေးနီးယား တိုက်စစ်မှူးလေး ဆက်စ်ကို ကို ပစ်မှတ်ထားနေတယ်လို့ သတင်းထွက်ခဲ့ပေမယ့် လက်ရှိမှာတော့ ဆိုစီဒက် တိုက်စစ်မှူးဟောင်း အီဆက်ခ်ကို ပိုမို စိတ်ဝင်စားလာခဲ့ပါတယ်။ ဒီ ဆွီဒင် ကစားသမားက လာလီဂါမှာ (၃)ရာသီနီးပါး ဖြတ်သန်းခဲ့သူလည်း ဖြစ်ပါတယ်။

ဆွီဒင် လက်ရွေးစင် ကစားသမား အီဆက်ခ်က ဒေါ့မွန်ကနေ ဆိုစီဒက်အသင်းဆီကို ၂၀၁၉ခုနှစ်မှာ ရောက်ရှိလာခဲ့ပြီး ဆိုစီဒက်နဲ့အတူ လာလီဂါပွဲပေါင်း (၁၀၅)ပွဲ ပါဝင်ကစားပေးရင်းနဲ့ စုစုပေါင်း သွင်းဂိုး (၃၃)ဂိုးအထိ သွင်းယူပေးခဲ့ပါတယ်။ ဒါ့အပြင် အီဆက်ခ်ဟာ သူရဲ့ ဆိုစီဒက် ကစားသမားဘဝ ပွဲဦးထွက် ရာသီမှာပဲ အသင်းနဲ့အတူ ကိုပါဒယ်ရေး ရှုံးထွက်ဖလားကိုပါ ရယူနိုင်ခဲ့ပါတယ်။

Photo Credit : Mundo Deportivo

အခုလည်း နယူးကာဆယ်အသင်းမှာ အဓိက ကစားသမားတစ်ယောက်အဖြစ် ပါဝင်နေရတဲ့ အသက် (၂၃)နှစ်အရွယ် တိုက်စစ်မှူး အီဆက်ခ်ကို ဘာစီလိုနာအသင်းက လာလီဂါပြိုင်ပွဲဆီ ပြန်လည် ခေါ်ဆောင်ချင်နေပြီး ဒီရာသီ လာလီဂါမှာ (၃)ဂိုးသာ သွင်းယူထားနိုင်တော့တဲ့ လီဝန်ဒေါစကီး နေရာအတွက် ရေရှည် အစားထိုးသွားဖို့ ရှိနေပါတယ်။

လက်ရှိမှာ ဘာစီလိုနာအသင်းဟာ အီဆက်စ်လို လာလီဂါ ကစားသမားဟောင်းကို ပစ်မှတ်ထားနေတဲ့အပြင် ဘီလ်ဘာအိုအသင်းရဲ့ စပိန် တိုက်စစ်ကစားသမားလေး နီကို ဝီလီယံစ်ကိုလည်း လီဗာပူးလ် အက်စတွန် ဗီလာအသင်းတွေနဲ့အပြိုင် စိတ်ဝင်စားလျက် ရှိနေကြောင်း AS Diario သတင်းမီဒီယာကနေ ဖော်ပြထားပါတယ်။

Exit mobile version