ဘာစီလိုနာအသင်းဟာ လာမယ့် ဇန်နဝါရီလ ဆောင်းရာသီ အပြောင်းအရွှေ့စျေးကွက်အတွင်းမှာ အသင်းရဲ့ ကစားသမားဖြစ်သူ ဖီးလစ်ကော်တင်ဟိုကို ခေါ်ယူသွားဖို့ စိတ်ဝင်စားလျက် ရှိလို့နေတဲ့ ပရီးမီးယားလိဂ်ကလပ် နယူးကာဆယ်ယူနိုက်တက်အသင်းဆီကို လက်လွတ်သွားဖို့အတွက် ပြင်ဆင်လျက်ရှိနေပြီလို့ စပိန်သတင်းမီဒီယာ Sport ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Football Espana

ငွေကြေးပိုင်းမှာ တကယ့်ကို ကြွယ်ဝချမ်းသာလွန်းတဲ့ ပိုင်ရှင်သစ်လက်အောက်ကို ရောက်ရှိသွားခဲ့ပြီဖြစ်တဲ့ နယူးကာဆယ်အသင်းဟာ ဘာစီလိုနာအသင်းမှာ ရုန်းကန်နေရတဲ့ ပရီးမီးယားလိဂ် ကစားသမားဟောင်း ကော်တင်ဟိုကို အသင်းဆီ အရခေါ်ယူသွားဖို့အတွက် အလိုရှိနေပြီး လာမယ့် ဆောင်းစျေးကွက်အတွင်းမှာပဲ ကမ်းလှမ်းမှု ပြုလုပ်ဖွယ် ရှိနေတယ်လို့ သတင်းမီဒီယာများစွာကနေ ဖော်ပြလာခဲ့ပါတယ်။ အသက်(၂၉)နှစ်အရွှယ်ရှိ ဘရာဇီးလ်ကစားသမား ကော်တင်ဟိုဟာလည်း ဒီရာသီ ဘာစီလိုနာအသင်းမှာ နေရာရဖို့က ရုန်းကန်နေရတာဖြစ်သလို အသင်းက နည်းပြအပြောင်းအလဲတွေ ရှိနေတာဖြစ်လို့ သူရဲ့ဘာကာကစားသမားဘဝ အနာဂတ် အခြေအနေက မရေမရာ ဖြစ်လို့နေရပါတယ်။

Photo Credit : FC Barcelona Noticias

ဒီလိုအခြေအနေမှာ ဘာစီလိုနာအသင်းက အသင်းရဲ့ ဘဏ္ဍာရေး ဟန်ချက်ညီမျှဖို့နဲ့ လာမယ့်ဆောင်းစျေးကွက်အတွင်း ကစားသမားတချို့ကိုပါ အငှားစာချုပ်နဲ့ ခေါ်ယူသွားဖို့ ရှိနေတဲ့အတွက် လစာမြင့်မားနေတဲ့ ကော်တင်ဟိုကို နယူးကာဆယ်အသင်းဆီ လက်လွတ်သွားဖို့ စီစဉ်လာခဲ့တာ ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ ကော်တင်ဟိုအတွက် ရာသီဝက် အငှားစာချုပ်+အပြီးသတ်ခေါ်ယူမှု ကမ်းလှမ်းချက်မျိုးနဲ့ပါ လက်ခံသွားဖွယ် ရှိနေပြီး ဒီလိုပုံစံမျိုးနဲ့ဆိုရင် ကစားသမားအင်အား ဖြည့်တင်းမှုများစွာ လုပ်ဆောင်သွားဖို့ လိုအပ်နေတဲ့ နယူးကာဆယ်အသင်းအတွက် အဆင်ပြေနိုင်ဖွယ်ပါ ရှိနေပါတယ်။ လီဗာပူးလ် အင်တာမီလန် ဘိုင်ယန်မြူးနစ်တို့လို ထိပ်တန်းကလပ်အသင်းတွေမှာ ပါဝင်ကစားခဲ့ဖူးတဲ့ ကွင်းလယ်တိုက်စစ်ကစားသမား ကော်တင်ဟိုဟာ လီဗာပူးလ်အသင်းနဲ့အတူ ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း (၅)နှစ်တာလောက်အထိ ကျင်လည်ခဲ့ဖူးတာဖြစ်လို့ ဒီလို အင်္ဂလန်ကစားဟန်နဲ့ ရင်းနှီးကျွမ်းဝင်နေတဲ့ ကစားသမားမျိုးကို တန်းဆင်းဇုန်ကနေ လွတ်မြောက်ဖို့ ရုန်းကန်နေရတဲ့ နယူးကာဆယ်အသင်းဘက်ကနေ အလိုရှိနေရတာ ဖြစ်ပါတယ်။