အသင်းခေါင်းဆောင် တိုက်စစ်ကစားသမား လီယွန်နယ်မက်ဆီနဲ့ အားကစားဒါရိုက်တာ အဘီဒယ်တို့ရဲ့ကြားက ပြသာနာတွေပြီးနောက် မနေ့ညကပဲ ကိုပါဒယ်ရေး ရှုံးထွက်ဖလားရဲ့ ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် ဘီလ်ဘာအိုအသင်းနဲ့ အဝေးကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ပြီး တိုက်စစ်မှူးဝီလီယံစ်ရဲ့နောက်ကျဂိုးနဲ့ အရေးနိမ့်ခဲ့ရကာ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါတယ်။ ဒီပွဲမှာ ဘာစီလိုနာအသင်းက အိမ်ရှင်အသင်းကို တစ်ပွဲလုံးနီးပါး ဖိအားပေးကစားနိုင်ခဲ့ပေမယ့်လည်း သွင်းဂိုးမရယူနိုင်ခဲ့ပဲ နာကျင်အချိန်ပိုမှာ ခွင့်ပြုခဲ့ရတဲ့ သွင်းဂိုးနဲ့ပဲ အရေးနိမ့်ခဲ့ရတာဖြစ်ပါတယ်။

Photo Credit : Goal.com

ဒီပွဲမတိုင်ခင် ကစားသမားဟောင်း လက်ရှိအသင်းရဲ့အားကစားဒါရိုက်တာဖြစ်သူ အဘီဒယ်က နည်းပြဟောင်းဗယ်ဗာဒီ ကိုင်တွယ်နေစဉ်အတွင်း ဘာစီလိုနာကစားသမားတွေဘက်ကနေ အားထုတ်ကစားပေးမှုတွေ မရှိခဲ့ဘူးလို့ စွပ်စွဲပြောဆိုခဲ့သလို ဒါကိုလည်း မကျေနပ်ခဲ့တဲ့ မက်ဆီကလည်း အဘီဒယ်အနေနဲ့ ဘယ်သူဘယ်ဝါကို ရည်ရွှယ်ပြောချင်တာလဲဆိုတာကို တိတိကျကျ ပြောချင်တယ်လို့ ပြန်လည်တုန့်ပြန်ခဲ့တာကြောင့် ဒီနှစ်ယောက်ကြား အက်ကြောင်းတွေထလာခဲ့ပါတယ်။ ဒါကြောင့် ပရိသတ်တချို့က အခုလို အသင်းအတွင်း ကစားသမားနဲ့ အသင်းဒါရိုက်တာကြားက မကျေမလည် ဖြစ်နေရမှုက အသင်းရဲ့ရလဒ်တွေအပေါ် ထိခိုက်စေခဲ့တယ်လို့ မှတ်ချက်ပြုလာကြပါတယ်။

Photo Credit : AS English

ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာစီလိုနာအသင်းရဲ့ ဘယ်နောက်ခံကစားသမား ဂျော်ဒီအယ်ဘာက “ဒီအသင်းက ပြင်ပကနေ ဝင်လာခဲ့တဲ့ သတင်းဆိုးနဲ့တောင် အတော်လေး ရင်ဆိုင်နေရတာဆိုတော့ ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့ကိုယ်တိုင် အသင်းအတွက် ဘာအဓိပ္ပာယ်မှ မရှိတာတွေကို မလုပ်ဆောင်သင့်ပါဘူး။ အဘီဒယ်က ဒီအသင်းရဲ့ ကစားသမားတစ်ယောက် ဖြစ်ခဲ့ဖူးပြီးတော့ ပရိသတ်တွေများစွာရဲ့ အချစ်တော်လည်းဖြစ်ခဲ့ဖူးပါတယ်။ ဒါကြောင့်ပဲ သူ့နေနဲ့ အသင်းရဲ့ အဝတ်လဲခန်းအတွင်း ဘာတွေကို တကယ်ဖြစ်ပွားနေသလဲ ကစားသမားဘက်ကနေ ဘာတွေခံစားနေရသလဲဆိုတာကို သူသိကိုသိထားသင့်ပါတယ်” လို့ ထုတ်ပြန်ပြောဆိုသွားခဲ့ပါတယ်။ ဒီကိစ္စရပ်တွေနောက်ပိုင်းမှာ မက်ဆီရဲ့အနာဂတ်က လှုပ်ခတ်လာခဲ့ပေမယ့်လည်း ဘာစီလိုနာအသင်းရဲ့တာဝန်ရှိသူတွေကတော့ အဘီဒယ်ကို အသင်းရဲ့အားကစားဒါရိုက်တာရာထူးကနေ ထုတ်ပယ်မှာမဟုတ်ကြောင်း ပြောဆိုလာခဲ့ပါတယ်။