စပို့တင်း လစ္စဘွန်းအသင်းနဲ့အတူ အတော်လေး တောက်ပလို့နေတဲ့ ဆွီဒင် တိုက်စစ်မှူး ဗစ်တာ ယိုကယ်ရက်စ်ကို လတ်တလောမှာ ဥရောပထိပ်တန်း ကလပ်အသင်းပေါင်း များစွာက စိတ်ဝင်စားလျက် ရှိနေကြပြီး ဒီအသင်းတွေထဲမှာ ဘာစီလိုနာအသင်းလည်း အပါအဝင် ဖြစ်လာခဲ့ပါတယ်။
ဘာစီလိုနာအသင်းက အသင်းတိုက်စစ်ပိုင်းမှာ ရောဘတ် လီဝန်ဒေါစကီးလို ကမ္ဘာ့အကောင်းဆုံး အထောင်တိုက်စစ်မှူးတစ်ဦးကို ပိုင်ဆိုင်ထားရပေမယ့် လီဝန်ဒေါစကီးရဲ့ လက်ရှိ အသက်အရွယ်က (၃၆)နှစ်တောင် ရှိနေပြီဖြစ်လို့ ဒီကစားသမားကြီး နေရာမှာ ရေရှည် အစားထိုးနိုင်မယ့် တိုက်စစ်မှူးတစ်ဦးကို လိုအပ်လာခဲ့တာ ဖြစ်ပါတယ်။
Photo Credit : Goal
ပိုလန် တိုက်စစ်မှူးကြီး လီဝန်ဒေါစကီးက ဒီရာသီမှာ ဘာစီလိုနာအတွက် အကောင်းဆုံး စွမ်းဆောင်မှုတွေ ပြသနေပေမယ့်လည်း ဘာစီလိုနာကတော့ အသက် (၃၆)နှစ်တောင် ရှိနေတဲ့ ဒီကစားသမားကြီး နေရာမှာ အစားထိုးနိုင်မယ့် အရည်အသွေးမြင့် ကစားသမားတစ်ဦး မဖြစ်မနေ လိုအပ်လာခဲ့ပြီး လက်ရှိမှာတော့ ယိုကယ်ရက်စ်ကို မျက်စိကျနေပါတယ်။
အသက် (၂၆)နှစ်အရွယ် ဆွီဒင် လက်ရွေးစင် တိုက်စစ်မှူး ယိုကယ်ရက်စ်ဟာ ဒီရာသီထဲ စပို့တင်း လစ္စဘွန်းအတွက် ပြိုင်ပွဲစုံ (၁၇)ပွဲကစား (၂၃)ဂိုးအထိတောင် သွင်းယူထားနိုင်သလို မန်စီးတီးနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာဆိုရင်လည်း ဟက်ထရစ် သွင်းယူနိုင်တဲ့အထိ ခြေစွမ်းပြသထားနိုင်ခဲ့ပါတယ်။
Photo Credit : Goal
ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ ကိုဗင်ထရီကနေ စပို့တင်းအသင်းဆီ ရောက်ရှိလာခဲ့တဲ့ ယိုကယ်ရက်စ်ဟာ သူရဲ့ ပထမဦးဆုံး ဘောလုံးရာသီမှာပဲ သွင်းဂိုး (၄၃)ဂိုး ဂိုးဖန်တီးမှု (၁၅)ကြိမ်အထိတောင် အံ့မခန်း စွမ်းဆောင်နိုင်ခဲ့လို့ သူ့ကို ပြီးခဲ့တဲ့ နွေဈေးကွက်မှာ ကလပ်အသင်းတွေက စိတ်ဝင်စားခဲ့ပေမယ့်လည်း ယိုကယ်ရက်စ်ကတော့ စပို့တင်းမှာသာ ဆက်နေခဲ့ပါတယ်။
စပို့တင်းအသင်းမှာ ဆက်ကစားရင်း ယိုကယ်ရက်စ်ရဲ့ ခြေစွမ်းတွေက ပိုမို ကောင်းမွန်လာတာကြောင့် အခုဆိုရင် ဘာစီလိုနာလို အသင်းမျိုးကပါ စိတ်ဝင်စားလာတာကြောင့် ယိုကယ်ရက်စ်အနေနဲ့ ၂၀၂၅ နွေမှာပဲ စပို့တင်းကို စွန့်ခွာသွားနိုင်ပြီး စပို့တင်းဘက်ကတော့ သူတို့ကစားသမားအတွက် မြင့်မားတဲ့ ေြ့ပာင်းရွှေ့ကြေးမျိုးအထိ တောင်းဆိုလာဖွယ်လည်း ရှိနိုင်ပါတယ်။