စပိန်နိုင်ငံအစိုးရဘက်ကနေ ခွင့်ပြုချက်မရမချင်း စပိန်လာလီဂါ အမှတ်ပေးဘောလုံးပြိုင်ပွဲတွေကို ပြန်လည်စတင်သွားမှာမဟုတ်ဘူးလို့ စပိန်နိုင်ငံ ဘောလုံးအဖွဲ့ချုပ် (REFF) နဲ့ လာလီဂါအဖွဲ့ချုပ်တို့ကနေ ပူးတွဲထုတ်ပြန်ချက်တွေ လုပ်ဆောင်ခဲ့ပေမယ့် ဘောလုံးအသင်းတချို့ကတော့ ပရိသတ်မပါဝင်ပဲ ကွင်းပိတ်ကျင်းပဖို့ ဆန္ဒရှိနေကာ အမှတ်ပေးလိဂ်ပြီးဆုံးချိန်ထိ ကွင်းပိတ်ကစားချင်နေပါတယ်။ သို့ပေမယ့် လာလီဂါရဲ့ လက်ရှိချန်ပီယံအသင်းဖြစ်တဲ့ ဘာစီလိုနာကတော့ သူတို့အသင်းရဲ့ပရိသတ်တွေ မပါဝင်ပဲ ကွင်းပိတ်ကစားဖို့ ဆန္ဒမရှိဘူးလို့ Mudo Deportivo သတင်းစာကနေ ဖော်ပြသွားခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ စပိန်လာလီဂါပြိုင်ပွဲအပါအဝင် ချန်ပီယံလိဂ်ပွဲစဉ်တွေကိုပါ ပရိသတ်မပါဝင်ပဲ ကွင်းပိတ်ကျင်းပဖို့ လုံးဝဆန္ဒမရှိဘူးလို့ ထုတ်ပြန်ပြောဆိုထားခဲ့ပါတယ်။ ဘောလုံးပွဲဆိုတာဟာ ကွင်းအတွင်းမှာ လာရောက်အားပေးကြတဲ့ ပရိသတ်တွေ ရှေ့တော်မှောက်မှာ ကစားမှသာ ပွဲရဲ့အနှစ်သာရကို ပိုမိုခံစားရတာဖြစ်လို့ ကွင်းပိတ်ကစားရတာက အဓိပ္ပာယ်မရှိဘူးလို့ ဘာစီလိုနာအသင်းဘက်ကနေ တုန့်ပြန်ပြောဆိုလို့ထားပါတယ်။ လက်ရှိအချိန်မှာတော့ လာလီဂါပွဲတွေကို ဘယ်နေ့ဘယ်ရက်မှ ပြန််လည်ကျင်းပမလဲဆိုတာကို အတိအကျမသိရှိသေးပဲ မေလ ဒါမှမဟုတ် ဇွန်လလောက်မှသာ ကစားရနိုင်ပါတယ်။

ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့ မတ်လ(၈)ရက်နေ့ကမှ သူတို့အသင်းရဲ့ နောက်ဆုံးလာလီဂါပွဲအဖြစ် အိမ်ကွင်းနူးကမ့်မှာ ရီးရဲလ်ဆိုစီဒက်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရပြီး အသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီရဲ့ ပင်နယ်တီသွင်းဂိုးတစ်ဂိုးတည်းနဲ့ အနိုင်ရရှိခဲ့ကာ လာလီဂါအမှတ်ပေးဇယားရဲ့ ထိပ်ဆုံးနေရာမှာ ရီးရဲလ်မက်ဒရစ်ထက် (၂)မှတ်အသာနဲ့ ရပ်တည်လို့နေပါတယ်။ စပိန်လာလီဂါဘောလုံးပွဲစဉ်တွေကို လာမယ့်ဧပြီလ(၃)ရက် မေလ(၁၆)ရက်နေ့ စသဖြင့် အဆင့်ဆင့် ရက်တွေကိုရွှေ့ဆိုင်းခဲ့ရာကနေ အခုတော့ စပိန်အစိုးရဘက်က ပြန်လည်ကျင်းပဖို့ တရားဝင်ထုတ်ပြန်ကြေညာလာမှသာ ဘောလုံးပွဲတွေကို ပြန်လည်ကစားစေမှာဖြစ်ပါတယ်။ လက်ရှိမှာတော့ စပိန်လာလီဂါကို ပွဲစဉ်(၂၇)အထိ ကျင်းပထားပြီး ဘာစီလိုနာအသင်းက ဇယားထိပ်ဆုံးမှာ ရမှတ်(၅၈)မှတ်နဲ့ ရပ်တည်လို့နေပါတယ်။