စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာအသင်းဟာ အသင်းရဲ့ ဘရာဇီးလ် ကွင်းလယ်တိုက်စစ် ကစားသမား ကော်တင်ဟိုကို ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်အသင်းရဲ့ တိုက်စစ်မှူးတွေ ဖြစ်တဲ့ အူဘာမီယန်း ၊ လာကာဇက် စတဲ့ ကစားသမားတွေနဲ့ အလဲအထပ် လုပ်ချင်နေကြောင်း နာမည်ကြီး စပိန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

ဘာစီလိုနာအသင်းဟာ အသင်းခေါင်းဆောင် မက်ဆီကို ဆုံးရှုံးပြီးနောက် အသင်းရဲ့ တိုက်စစ်ပိုင်း အတွက် နံပါတ်၉နေရာမှာ ကစားနိုင်တဲ့ တိုက်စစ်မှူး တဦးကို ခေါ်ယူဖို့ စီစဉ်နေပြီး လတ်တလောမှာ ငွေကြေး သုံးစွဲနိုင်တဲ့ အခြေအနေမှာ မရှိတာကြောင့် ကစားသမား အလဲအထပ်နဲ့သာ ကစားသမား ခေါ်ယူချင်နေပါတယ်။

Photo Credit: Metro

တဖက်မှာလည်း အာဆင်နယ်အသင်းဟာ အသင်းရဲ့ ကွင်းလယ်တိုက်စစ် နေရာ အတွက် ကွင်းလယ်လူ တဦးကို ရှာဖွေနေပြီး ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ အိုဒီဂတ် ၊ လက်စတာ ကွင်းလယ်လူ မက်ဒီဆင်တို့ကို ခေါ်ယူဖို့ ကြိုးပမ်းနေပေမယ့် အောင်မြင်မှုတော့ မရသေးပါဘူး။

ဒါကြောင့်ပဲ ဘာစီလိုနာအသင်းဟာ အာဆင်နယ်အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ဖူးတဲ့ အသင်းရဲ့ ဘရာဇီးလ် ကွင်းလယ်တိုက်စစ် ကစားသမား ကော်တင်ဟိုနဲ့ အာဆင်နယ်အသင်းရဲ့ ဝါရင့် တိုက်စစ်မှူး နှစ်ဦး ဖြစ်တဲ့ အူဘာမီယန်းနဲ့ လာကာဇက်တို့ နှစ်ဦးထဲက တဦးနဲ့ အလဲအထပ် ပြုလုပ်ဖို့ ကမ်းလှမ်းထားတာပဲ ဖြစ်ပါတယ်။

Photo Credit: Metro

စပိန်အခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ လက်ရှိမှာ ဘာစီလိုနာနဲ့ အာဆင်နယ်တို့ဟာ ကစားသမား အလဲအထပ် အတွက် ဆွေးနွေးမှုတွေ စတင်နေပြီး အာဆင်နယ်အသင်းရဲ့ အားကစား ဒါရိုက်တာ အီဒူးနဲ့ အာတီတာတို့ဟာ ကော်တင်ဟိုကို လာကာဇက်နဲ့ အလဲအထပ် လုပ်ချင်နေပေမယ့် ဘာစီလိုနာအသင်း ကတော့ အာဆင်နယ်အသင်းရဲ့ အသင်းခေါင်းဆောင် အူဘာမီယန်းကို အလိုရှိနေကြောင်း သိရပါတယ်။

အာဆင်နယ်အသင်းဟာ ထိပ်တန်း ကွင်းလယ်တိုက်စစ် ကစားသမား တဦးကို ခေါ်ယူဖို့ အသည်းအသန် ကြိုးစားနေသလို ဘာစီလိုနာအသင်းကလည်း တိုက်စစ်မှူး တဦးကို မဖြစ်မနေ ခေါ်ယူဖို့ စီစဉ်ထားတာကြောင့် ဒီနှစ်သင်းကြားမှာ ကစားသမား အလဲအထပ်ဟာ ဖြစ်မြောက်လာဖို့ ရှိနေပြီး ကော်တင်ဟိုနဲ့ အူဘာမီယန်းတို့ရဲ့ အလဲအထပ်ကို မြင်ရဖို့ ပိုမို အခွင့်အလမ်း များနေပါတယ်။