MySport Myanmar

ဂရင်းဝုဒ်ရဲ့ အေးဂျင့်တွေဆီ ဆက်သွယ်မှုတွေ လုပ်ဆောင်လာခဲ့တဲ့ ဘာစီလိုနာ

ဘာစီလိုနာအသင်းကတော့ ဂီတာဖေးအသင်းမှာ ခြေစွမ်းပြနေတဲ့ အင်္ဂလန် တိုက်စစ်ကစားသမား မေဆန် ဂရင်းဝုဒ်ရဲ့ ခြေစွမ်းတွေကို စိတ်ဝင်စားလို့နေပြီး အခုဆိုရင် ဂရင်းဝုဒ် အေးဂျင့်တွေကိုပါ ဆက်သွယ်မှုတွေ လုပ်ဆောင်နေတယ်လို့ စပိန် သတင်းမီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။

အသက် (၂၂)နှစ်အရွယ် မန်ချက်စတာ ယူနိုက်တက် အကယ်ဒမီထွက် ကစားသမားလေး ဂရင်းဝုဒ်ဟာ ဒီနွေမှာပဲ ယူနိုက်တက်ကနေ ဂီတာဖေးအသင်းဆီ အငှားနဲ့ ပြောင်းရွှေ့လာခဲ့ပြီး လက်ရှိမှာတော့ ဂီတာဖေးအသင်းအတွက် (၂၆)ပွဲကစား (၈)ဂိုးသွင်း (၅)ဂိုးဖန်တီးပေးထားနိုင်ခဲ့ပါတယ်။

Photo Credit : Transfermarket

ဒီလို လာလီဂါမှာ တောက်ပနေတဲ့ ဂရင်းဝုဒ်ကို ဘာစီလိုနာ အသက်လက်တီကိုတို့လို လာလီဂါ ထိပ်တန်းကလပ်အသင်းတွေအပြင် ဥရောပ ကလပ်အသင်းတွေလည်း စိတ်ဝင်စားလာကြပြီး လာမယ့်နွေမှာပဲ ဂရင်းဝုဒ်ကို အပြိုင် ကမ်းလှမ်းသွားဖို့ ပြင်ဆင်လာခဲ့ကြပါတယ်။

ယူနိုက်တက်အသင်းဘက်ကတော့ လက်ရှိ ပူးတွဲပိုင်ရှင်သစ် ဆာဂျင်ရက်ကလစ်ဖ်က ဂရင်းဝုဒ်နဲ့ တွေ့ဆုံပြီးမှ ကစားသမားကို အသင်းမှာ ဆက်ထားမထားဆိုတာကို ဆုံးဖြတ်သွားဖို့ ရှိနေပြီး လတ်တလောမှာလည်း ဂရင်းဝုဒ်ရဲ့ အနာဂတ်နဲ့ ပတ်သက်တဲ့ သတင်းတွေက ရှုထောင့်ပေါင်းစုံကနေ ထွက်ပေါ်လာခဲ့ပါတော့တယ်။

Photo Credit : Goal

ဒါပေမယ့် စပိန်သတင်းစာ Sport ရဲ့ ဖော်ပြချက်မှာတော့ ဘာစီလိုနာအသင်းက ဂရင်းဝုဒ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေရာကနေ အခုဆိုရင် ဂရင်းဝုဒ်ရဲ့ အခြေအနေတွေကို သိရှိရဖို့အတွက် ဂရင်းဝုဒ် ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်နေတဲ့အထိပါ ခြေလှမ်းတွေ သွက်လာခဲ့ပါတယ်။

ဘဏ္ဍာရေး အကျပ်အတည်းတွေကြောင့် ကစားသမားသစ်တွေကို ငွေကြေး အမြောက်အများနဲ့ ခေါ်ယူဖို့ ခက်ခဲပြီး နည်းပြအပြောင်းအလဲပါ လုပ်ဆောင်ဖို့ ရှိနေရတဲ့ ဘာစီလိုနာကအသင်းက ဂရင်းဝုဒ်ကို ခေါ်ယူချင်ပေမယ့်လည်း ကစားသမားအတွက် ပြောင်းရွှေ့ကြေး အနည်းငယ်သာ အသုံးပြုချင်နေပြီး အငှား+အပြီးသတ်ခေါ်ယူခွင့်နဲ့ပါ ကမ်းလှမ်းဖွယ်လည်း ရှိနိုင်ပါတယ်။

Exit mobile version