စပိန်လာလီဂါ အင်အားကြီးအသင်း ဖြစ်တဲ့ ဘာစီလိုနာအသင်းရဲ့ တာဝန်ရှိသူတွေဟာ သူတို့အနေနဲ့ ယခုလ အကုန်မှာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် အသင်းရဲ့ အဓိက ကစားသမား ဖြစ်သူ လီယွန်နယ် မက်ဆီကို စာချုပ်သစ် ချုပ်ဆိုနိုင်မယ်လို့ ယုံကြည်မှု အပြည့်အဝ ရှိနေကြောင်း သိရပါတယ်။ အသက် ၃၃နှစ် အရွယ် အာဂျင်တီးနားအသင်းနဲ့ ဘာစီလိုနာအသင်းတို့ရဲ့ အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီဟာ ယခုလ ၃၀ရက်နေ့မှာ ဘာစီလိုနာအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် ကစားသမား တဦး ဖြစ်ပြီး ဇူလိုင်လ ၁ရက်နေ့မှ စတင်ကာ သူ ပြောင်းရွှေ့ချင်တဲ့ အသင်းဆီ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့နိုင်မှာလည်း ဖြစ်ပါတယ်။

Photo Credit: Express

လက်ရှိအချိန်အထိ မက်ဆီရဲ့ အနာဂတ်နဲ့ ပတ်သတ်ပြီး ရေရေရာရာ မရှိသေးပဲ မက်ဆီကို စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ ဘာစီလိုနာအသင်းရဲ့ တာဝန်ရှိသူတွေက မက်ဆီရဲ့ ဖခင်နဲ့ တွေ့ဆုံကာ ဆွေးနွေးမှုတွေ ပြုလုပ်နေသလို တဖက်မှာလည်း ပြင်သစ် အင်အားကြီးကလပ် ပီအက်စ်ဂျီအသင်းရဲ့ တာဝန်ရှိသူတွေဟာ မက်ဆီကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ကြိုးစားနေပါတယ်။ မက်ဆီဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ ဘာစီလိုနာအသင်း ကနေ ထွက်ခွာဖို့ ကြိုးစားခဲ့ပေမယ့် လက်ရှိမှာတော့ အသင်းကို သူနဲ့ ရင်းနှီးတဲ့ ဥက္ကဌ လာပေါ်တာ ပြန်ရောက်နေသလို သူ့ရဲ့ အရင်းနှီးဆုံး သူငယ်ချင်း ဖြစ်တဲ့ အဂူရိုကလည်း ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့လာတာကြောင့် အသင်းမှာ ဆက်နေဖို့ စိတ်ယိုင်နေတဲ့ အနေအထားမှာ ရှိပါတယ်။

Photo Credit: Express

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ အဆိုအရ ဘာစီလိုနာအသင်းရဲ့ တာဝန်ရှိသူတွေဟာ မက်ဆီကို ၂၀၂၃ ခုနှစ် အထိ စာချုပ်သက်တမ်း တိုးနိုင်ဖို့ အတွက် ယုံကြည်မှုတွေ ပြည့်ဝနေပြီး သင့်တော်တဲ့ အချိန်တခု ရောက်ရင် မက်ဆီကို စာချုပ်သစ် ချုပ်ဆိုနိုင်လိမ့်မယ်လို့ ယူဆနေကြောင်း သိရပါတယ်။ မက်ဆီကို စာချုပ်သစ် ချုပ်ဆိုနိုင်ကြောင်း ကြေညာမယ့် အစီအစဉ်ကို လက်ရှိအချိန် အထိ အတိအကျ မပြုလုပ်ရသေးပေမယ့် ဘာစီလိုနာအသင်းမှာ ရှိနေတဲ့ လူတွေ အားလုံးဟာ မက်ဆီက အသင်းမှာ ဆက်နေလိမ့်မယ်လို့ ယူဆနေကြောင်း ကတ်တလန်တာ အခြေစိုက် သတင်းဌာနတွေက ဖော်ပြလာပါတယ်။ ဒါပေမယ့် မက်ဆီဟာ လတ်တလောမှာ အာဂျင်တီးနားအသင်းနဲ့ အတူ ကိုပါအမေရိကပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်နေရတာကြောင့် အကယ်၍ မက်ဆီကသာ အာဂျင်တီးနားအသင်းနဲ့ ကိုပါအမေရိက ဗိုလ်လုပွဲအထိ ရောက်ရှိခဲ့ပါက သူဟာ ဇူလိုင်လ ၁၂ရက်နေ့ နောက်ပိုင်းမှသာ ဘာစီလိုနာအသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုနိုင်ဖွယ် ရှိပါတယ်။