ချန်ပီယံလိဂ်ပြိုင်ပွဲဝင် အသင်းတစ်သင်း ဖြစ်တဲ့ ဒိုင်နမိုကိဗ်အသင်းရဲ့ နည်းပြဖြစ်သူ လူဆက်ကူ ကတော့ ယနေ့ညမှာ သူတို့အသင်းနဲ့ ရင်ဆိုင် ကစားရမယ့် ဘာစီလိုနာ အသင်းဟာ အရင်လို ချန်ပီယံလိဂ်ဖလားကို ရယူနိုင်တဲ့ အဆင့်မှာ မရှိတော့ဘူးလို့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြား သွားခဲ့ပါတယ်။ ဒိုင်နမိုကိဗ်ဟာ ချန်ပီယံလိဂ် ပွဲစဉ် ၃အဖြစ် ယနေ့ည ၂နာရီခွဲ အချိန်မှာ ဘာစီလိုနာ အသင်းကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားရမှာ ဖြစ်ပြီး အဆိုပါ ပွဲစဉ်မှာသာ ဘာစီလိုနာ အသင်းဟာ အနိုင်ရရှိသွားပါက အုပ်စုအဆင့် ကနေ တက်ဖို့ အခြေအနေ ကောင်းသွားမှာ ဖြစ်သလို ဒိုင်နမိုကိဗ် အသင်းဟာလည်း အပေါင်းလက္ခဏာ ဆောင်တဲ့ ရလဒ်တစ်ခုခုကို ရယူနိုင်ခဲ့ပါက အုပ်စုတက်ရေး မျှော်လင့်ချက် ဆက်လက် ရှိနေဦးမှာ ဖြစ်ပါတယ်။

Photo Credit: Metro

ဘာစီလိုနာ အသင်းဟာ ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲစဉ် ၂ပွဲစလုံးမှာ အနိုင်ရရှိ ထားတာကြောင့် ယနေ့ညမှာ ကစားမယ့် ဒိုင်နမိုကိဗ် အသင်းနဲ့ ပွဲစဉ်မှာသာ အနိုင်ရရှိသွားပါက ရမှတ် ကိုးမှတ် ရရှိသွားမှာ ဖြစ်ပြီး အုပ်စုဗိုလ်အဖြစ်နဲ့ တက်ရောက်နိုင်ဖို့ အခြေအနေ ပိုကောင်းသွားမှာပါ။ ဒိုင်နမိုကိဗ်အသင်းရဲ့ နည်းပြဖြစ်သူ လူဆက်ကူကတော့ ဘာစီလိုနာ အသင်းဟာ ငယ်ရွယ်တဲ့ ထိပ်တန်း ကစားသမားတွေ ရှိနေပေမယ့် သူတို့တွေရဲ့ ကြားထဲမှာ နားလည်မှုတစ်ခုကို တည်ဆောက်ဖို့ အချိန်ယူရဦးမှာ ဖြစ်ကြောင်းနဲ့ ဘာစီလိုနာ အသင်းဟာ ချန်ပီယံလိဂ်ဖလားကို ရယူနိုင်တဲ့ အနေအထားမှာ မရှိကြောင်း ဆိုသွားပါတယ်။

Photo Credit: Metro

ဘာစီလိုနာ အသင်းနဲ့ ပတ်သတ်ပြီး လူဆက်ကူက “ဘိုင်ယန်မြူးနစ် အသင်းနဲ့ပွဲ ပြီးသွားတဲ့ အချိန်ထဲက ဘာစီလိုနာ အသင်းဟာ ပြုပြင်ပြောင်းလဲမှုတွေ အများကြီး ပြုလုပ်ခဲ့တာကို နားလည်ပါတယ်။ သူတို့ အသင်းမှာ အရမ်းကို ပါရမီရှိတဲ့ ကစားသမားတွေ ရှိနေပေမယ့် သူတို့အသင်းဟာ တိကျတဲ့ ကစားပုံ တစ်ခု ရဖို့ အချိန်ယူရဦးမှာပါ။ ကျွန်တော် ကတော့ လက်ရှိအချိန်မှာ ဘာစီလိုနာ အသင်းဟာ ချန်ပီယံလိဂ်ဖလား ကို ရယူနိုင်တဲ့ အနေအထားမှာ ရှိတယ်လို့ မထင်ပါဘူး။ ဘာ့ကြောင့်လဲ ဆိုတော့ ဘိုင်ယန်မြူးနစ် အသင်း ၊ ပီအက်စ်ဂျီအသင်း ဒါမှမဟုတ် မန်စီးတီးအသင်းလို ခြေစွမ်းကောင်းတဲ့ အသင်းတွေ အများကြီး ရှိနေလို့ပါ။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့အသင်းမှာ အရမ်း အရေးပါတဲ့ လီယွန်နယ် မက်ဆီလို ကစားသမားကောင်း တစ်ဦး ရှိနေပါတယ်။ နည်းပြသစ်တိုင်း ကတော့ အနည်းဆုံး အချိန် ၆လလောက် လိုအပ်တာချည်းပါပဲ။ ဘာစီလိုနာ အသင်းဟာ နွေရာသီကို ရောက်သွားရင်တော့ အသင်းသစ် တစ်သင်း ဖြစ်သွားမှာပါ” လို့ ပြောကြား သွားခဲ့ပါတယ်။