MySport Myanmar

ဝုလ်ကွင်းလယ်လူ ရူဘင်နေးဗက်စ်ကို ခေါ်ယူနိုင်ဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေတဲ့ ဇာဗီ

ဘာစီလိုနာအသင်းရဲ့နည်းပြ ဇာဗီဟာနန်ဒက်ဇ်ဟာ အသင်းရဲ့ ကွင်းလယ်ပိုင်းကို အင်အားဖြည့်တင်းဖို့အတွက် ဝုလ်ဗ်အသင်းရဲ့ ပေါ်တူဂီ ကွင်းလယ်ကစားသမား ရူဘင်နေးဗက်စ်ကို ခေါ်ယူသွားနိုင်ဖို့ ဆွေးနွေးမှုတွေ ပြုလုပ်လျက် ရှိနေတယ်လို့ Diario Sport သတင်းမီဒီယာကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : 90Min

ဘာစီလိုနာအသင်းဟာ အသင်းရဲ့ ကွင်းလယ်ပိုင်းမှာ ကစားသမားတွေ များစွာပိုင်ဆိုင်ထားပေမယ့်လည်း အမာခံ ကွင်းလယ်လူကြီး ဆာဂျီယိုဘူးစကွက်စ်က လက်ရှိမှာ အသက်(၃၃)နှစ်အရွှယ် ရောက်နေပြီဖြစ်သလို အဓိက ကွင်းလယ်လူတစ်ဦးဖြစ်တဲ့ ဖရန့်ကီဒီဂျောင်ရဲ့ အနာဂတ်ဟာလည်း မရေမရာ ဖြစ်နေတဲ့အတွက် ဘာစီလိုနာအသင်းက နေးဗက်စ်ကို ပစ်မှတ်ထားလာရတာ ဖြစ်ပါတယ်။ ဒါပေမယ့် နေးဗက်စ်ကို ဘာစီလိုနာ တစ်သင်းတည်းသာ စိတ်ဝင်စားနေတာ မဟုတ်ပဲ ပရီးမီးယားလိဂ် ကလပ်အသင်းတွေဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်နဲ့ အာဆင်နယ်တို့ကလည်း နေးဗက်စ်ကို အခုနှစ်နွေမှာပဲ အရခေါ်ယူသွားချင်နေပါတယ်။

Photo Credit : Red Devil Armada

အသက်(၂၅)နှစ်အရွှယ်ရှိ ပေါ်တူဂီလက်ရွေးစင် ကွင်းလယ်ကစားသမား နေးဗက်စ်ဟာ ဝုလ်ဗ်အသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်ပြီး လက်ရှိမှာ အသင်းနဲ့အတူ ဘောလုံးရာသီ(၅)ရာသီ ပရီးမီးယားလိဂ်မှာ (၄)ရာသီထိ ဖြတ်သန်းထားခဲ့ဖူးတဲ့ အမာခံ ကစားသမားတစ်ဦး ဖြစ်ပါတယ်။ အဝေးကန်ချက်တွေနဲ့ သွင်းဂိုးတွေကို ရယူနိုင်သူဖြစ်တဲ့ နေးဗက်စ်ဟာ နည်းစနစ်ပိုင်း ကြွယ်ဝသူလည်းဖြစ်ပြီး တိကျတဲ့ ဘောလုံးပေးပို့မှု ဘောလုံးအမြင်ကောင်းမွန်မှုနဲ့ လိမ်မာပါးနပ်စွာ နေရာယူတတ်မှုတွေကြောင့် သူ့ကို ကလပ်အသင်းတွေများစွာက စိတ်ဝင်စားနေခဲ့တာ ဖြစ်သလို ဝုလ်ဗ်အသင်းကလည်း သူတို့ရဲ့ ကြယ်ပွင့်ကစားသမားကို အသင်းမှာ ဆက်လက်ထားရှိသွားချင်နေပါတယ်။ ဒါပေမယ့် နေးဗက်စ်ကိုယ်တိုင်ကတော့ လာမယ့်နွေမှာ အသင်းနဲ့ လက်တွဲဖြုတ်ပြီး အသင်းသစ် တစ်သင်းကိုသာ ပြောင်းရွှေ့ချင်နေတာကြောင့် နေးဗက်စ်ကို ခေါ်ယူချင်နေတဲ့ အသင်းတွေက လက်ရှိမှာ အပြိုင်အဆိုင် ကြိုးပမ်းနေကြသလို ဒီအသင်းတွေထဲကမှ ဘာစီလိုနာအသင်းဟာလည်း အသင်းနည်းပြ ဇာဗီကိုယ်တိုင်ပါ နေးဗက်စ်ကို ခေါ်ယူနိုင်ဖို့အတွက် ဆွေးနွေးမှုတွေ လုပ်ဆောင်နေတယ်လို့ သတင်းထွက်လာခဲ့ပါတယ်။ တဖက်မှာလည်း ယူနိုက်တက်အသင်းက နေးဗက်စ်အတွက် နောက်ထပ် ကမ်းလှမ်းမှုသစ်တစ်ရပ်နဲ့ ကမ်းလှမ်းသွားဖို့ ပြင်ဆင်နေတယ်လို့ သတင်းထွက်နေတာကြောင့် နေးဗက်စ်ကို ဘာစီလိုနာနဲ့ ယူနိုက်တက်တို့ အပြိုင်လုရဖွယ် ရှိနိုင်ပါတယ်။

Exit mobile version