ဘာစီလိုနာအသင်းဟာ အသင်းရဲ့ အဓိက ဂိုးသမားဖြစ်သူ မာ့ခ် အန်ဒရေ တာစတီဂန်က ဗီလာရီးယဲလ်နဲ့ ပွဲစဉ်မှာ ရရှိသွားခဲ့တဲ့ ဒူးအရွတ်စုတ်ပြဲ ဒဏ်ရာကြောင့် ရာသီကုန်အထိ အနားယူသွားရတော့မှာဖြစ်လို့ ဘာစီလိုနာအနေနဲ့ ဂိုးသမားသစ်တစ်ဦး အစားထိုးဖို့ လိုအပ်လာခဲ့ရပါတယ်။
လက်ရှိ အသင်းမှာ အရန်ဂိုးသမား ပီနာနဲ့ လူငယ်ဂိုးသမားလေးတစ်ဦး ရှိနေပေမယ့်လည်း တစ်ရာသီလုံးကို ဒီဂိုးသမားတွေကို ဆက်သွားဖို့ မလွယ်ကူနိုင်တာကြောင့် အတွေ့အကြုံရင့် ဂိုးသမားတစ်ဦးကိုမှ အသင်းလက်မဲ့လည်း ဖြစ်နေတဲ့ ဂိုးသမားမျိုးကို ခေါ်ယူသွားရဖို့ ရှိနေပါတယ်။
Photo Credit : BBC
သိပ်မကြာသေးခင်ကမှ ဘောလုံးသမားဘဝကနေ အနားယူထားတဲ့ ဘာစီလိုနာ ဂိုးသမားဟောင်းကြီးဖြစ်သူ ချီလီ ဝါရင့် ဂိုးသမား ကလော်ဒီယို ဘရာဗိုက ဘာစီလိုနာကသာ အလိုရှိမယ်ဆိုရင် အနားယူထားရာကနေ ပြန်လာပြီး ဘာစီလိုနာအတွက် ပြန်လည် ကစားပေးမယ်လို့ ထုတ်ဖော် ပြောဆိုထားခဲ့ပါသေးတယ်။
ဒါပေမယ့် ဘရာဗိုက အသက် (၄၁)နှစ်အရွယ်လည်း ရှိနေတဲ့အပြင် လက်စွမ်းပိုင်းတွေပါ ကျဆင်းနေတာကြောင့် ဘရာဗိုလိုပဲ လပိုင်းလောက်ကပဲ ဘောလုံးသမားဘဝကို အဆုံးသတ်ထားတဲ့ ပိုလန် ဂိုးသမား ဆက်ဇနီဟာ ဘာစီလိုနာအတွက် စဉ်းစားစရာ option တစ်ခု ဖြစ်လာပါတော့တယ်။
Photo Credit : TEAMtalk
အသက် (၃၄)နှစ်သာ ရှိနေသေးတဲ့ အာဆင်နယ် ဂျုဗင်တပ်စ်နဲ့ ရိုးမား ဂိုးသမားဟောင်းကြီး ဆက်ဇနီဟာ ပြီးခဲ့တဲ့ သြဂုတ်လကပဲ ဂျုဗင်တပ်စ်နဲ့ နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းခဲ့ရင်း ရက်ပိုင်းအကြာမှာပဲ ကစားသမားဘဝကနေ အနားယူခဲ့ပါတယ်။ ကနဦးပိုင်းကတော့ ရော်နယ်လ်ဒိုရဲ့ အယ်လ်နာဆာအသင်းဆီ ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ရင်းကနေ အပြောင်းအရွှေ့ ဖြစ်မလာခဲ့ပဲ ကစားသမားဘဝကို အဆုံးသတ်ဖြစ်ခဲ့ပါတယ်။
အခုတော့ ဂိုးသမားတစ်ဦး လိုအပ်လာခဲ့တဲ့ ဘာစီလိုနာက ဆက်ဇနီကို တာစတီဂန်နေရာမှာ ယာယီအစားထိုးဖို့အတွက် ချဉ်းကပ်မှုတွေ ဆက်သွယ်မှုတွေ စတင်လုပ်ဆောင်လာနေပြီဖြစ်ပြီး ဆက်ဇနီအနေနဲ့ကလည်း ကစားသမားဘဝကနေ အနားယူထားရာကနေ ပြန်လာပြီး ကာလတို ကစားသွားဖို့ ဆန္ဒရှိနေတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။