ယနေ့မနက်မှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာတော့ ခြေစွာနေတဲ့ အက်စ်တွန်ဗီလာ အသင်းကို တန်းတက် အသင်းတွေထဲမှာ ခြေစွမ်းအကောင်းဆုံး အသင်းအဖြစ် သတ်မှတ် ခံထားရတဲ့ လိဒ်ယူနိုက်တက် အသင်းက အဝေးကွင်းမှာ ၀-၃ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ တစ်ချိန်က ပရီးမီးယားလိဂ်ရဲ့ ထိတ်ထိတ်ကြဲ​ အသင်းတွေထဲမှာ တစ်သင်းအပါအဝင် ဖြစ်တဲ့ လိဒ်ယူနိုက်တက် အသင်းဟာ ယခုနှစ် ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ဆီ တန်းပြန်တက်လာနိုင်ခဲ့သလို ဖျက်မြင်းအဆင့်ထက် ပိုတဲ့ ခြေစွမ်းကို ပြသထားနိုင်ခဲ့ပြီး လီဗာပူးအသင်းနဲ့ ဝုဗ်အသင်းကို ကပ်ကာ ရှုံးနိမ့်ခဲ့ပေမယ့် မန်စီးတီးအသင်းကို သ​ရေနဲ့ ကျန်ပွဲစဉ် ၃ပွဲစလုံးကို အနိုင်ရထားကာ အမှတ်ပေးဇယားရဲ့ အဆင့်၃ နေရာမှာ ရပ်တည်နေပါတယ်။

Photo Credit: BBC

အထူးသဖြင့် လီဗာပူးအသင်းကို အိမ်ကွင်းမှာ ၇-၂ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရထားတဲ့ အက်စ်တွန်ဗီလာအသင်းကို အဝေးကွင်းမှာ အနိုင်ရရှိခဲ့တဲ့ ပွဲမှာဆိုရင် လိဒ်ယူနိုက်တက် အသင်းရဲ့ ခြေစွမ်းဟာ အတော်လေး ကောင်းမွန်ခဲ့ပြီး အသင်းရဲ့ အဓိက တိုက်စစ်မှူး ဖြစ်တဲ့ ဘန်းဖို့ဒ်ဟာလည်း ဟက်ထရစ် ရရှိခဲ့ပါတယ်။ ဘန်းဖို့ဒ်ဟာ ဗီလာအသင်းနဲ့ ပွဲစဉ်မှာ ဗီလာအသင်းရဲ့ ခံစစ်မှူးတွေကို အတော်လေး အလုပ်ရှုပ်စေခဲ့သလို ပွဲချိန် ၅၅မိနစ် ၊ ပွဲချိန် ၆၇မိနစ်နဲ့ ပွဲချိန် ၇၄မိနစ်တွေမှာ သွင်းဂိုးတွေ သွင်းယူပေးခဲ့ပြီး ဟက်ထရစ် ရရှိခဲ့ပါတယ်။ အဆိုပါ ဟက်ထရစ်ကြောင့်ပဲ ဘန်းဖို့ဒ်ဟာ လိဒ်ယူနိုက်တက် အသင်းရဲ့ နာမည်ကျော် တိုက်စစ်မှူး ဖြစ်တဲ့ ဗီဒူကာရဲ့နောက် ပရီးမီးယားလိဂ်မှာ လိဒ်ယူနိုက်တက် အသင်းအတွက် ပထမဦးဆုံး အကြိမ် ဟက်ထရစ် သွင်းယူနိုင်ခဲ့တဲ့ ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

Photo Credit: BBC

လိဒ်ယူနိုက်တက် အသင်းရဲ့ ဂန္တဝင် တိုက်စစ်မှူး အဖြစ် သတ်မှတ်လို့ရတဲ့ ဗီဒူကာဟာ ၂၀၀၃ ခုနှစ်မှာ လိဒ်ယူနိုက်တက် အသင်းအတွက် ပရီးမီးယားလိဂ်မှာ ဟက်ထရစ် သွင်းယူပေးနိုင်ခဲ့ပြီး အဲ့ဒီနောက် ၁၇နှစ်တိုင်တိုင် ကြာမြင့်ပြီးမှာ ဘန်းဖို့ဒ်ဟာ လိဒ်ယူနိုက်တက် အသင်းအတွက် ဟက်ထရစ် သွင်းယူပေးနိုင်ခဲ့တာပါ။ အသက် ၂၇နှစ် အရွယ် အင်္ဂလန် တိုက်စစ်မှူး ဘန်းဖို့ဒ်ဟာ လိဒ်ယူနိုက်တက် အသင်းရဲ့ အဓိက ကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး လက်ရှိ ဘောလုံးရာသီမှာ လိဒ်ယူနိုက်တက် အသင်းအတွက် ပရီးမီးယားလိဂ်ပွဲ ၆ပွဲ ပါဝင် ကစားပေးထားရာမှာ သွင်းဂိုး ၆ဂိုး သွင်းယူ ထားနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၂ကြိမ် ပြုလုပ်နိုင်ခဲ့သူ ဖြစ်ပြီး ၂၀၂၀-၂၀၂၁ ဘောလုံးရာသီရဲ့ ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကို ရယူနိုင်စွမ်း ရှိသူလည်း ဖြစ်ပါတယ်။