လိဒ်စ်ယူနိုက်တက်အသင်းရဲ့ အဓိက ကစားသမားတစ်ယောက်ဖြစ်တဲ့ တိုက်စစ်ကစားသမား ပက်ထရစ်ဘမ်းဖိုဒ့်ကတော့ ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တာကြောင့် လာမယ့်စက်တင်ဘာလဆန်းပိုင်းမှာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ခြေစစ်ပွဲစဉ်တွေ တောက်လျှောက်ယှဉ်ပြိုင်သွားရမယ့် အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ပထမဆုံးအကြိမ်အဖြစ် ရွေးချယ်ခံလိုက်ရတယ်လို့ သိရှိရပါတယ်။

Photo Credit : Eurosport

အသက်(၂၇)နှစ်အရွှယ်ရှိ အင်္ဂလန်တိုက်စစ်ကစားသမား ဘမ်းဖိုဒ့်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ လိဒ်စ်ယူနိုက်တက်အသင်းနဲ့အတူ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ စတင်ကစားခွင့် ရရှိခဲ့တာဖြစ်ပြီး မနှစ်က ရာသီအတွင်း လိဂ်သွင်းဂိုးပေါင်း (၁၇)ဂိုးအထိကို သွင်းယူနိုင်ခဲ့ပါတယ်။ ဂိုးသွင်းအားကောင်းလှတဲ့ ချယ်လ်ဆီးအသင်းရဲ့ ကစားသမားဟောင်း ဘမ်းဖိုဒ့်ကို အခုနွေစျေးကွက်အတွင်းမှာပဲ စပါးအသင်း အပါအဝင် ကလပ်အသင်းများစွာကနေ ပစ်မှတ်ထားခဲ့ကြသလို အခုလည်း ကမ္ဘာ့ဖလားခြေစစ်ပွဲတွေ ယှဉ်ပြိုင်သွားဖို့ ရှိနေတဲ့ အင်္ဂလန်အသင်းရဲ့ လူစာရင်းအတွင်းမှာပါ ထည့်သွင်းရွေးချယ်ခံလိုက်ရပါတယ်။

Photo Credit : Twitter

ယူရို-၂၀၂ဝပြိုင်ပွဲမှာ ဒုတိယဆု ရရှိခဲ့တဲ့ အင်္ဂလန်အသင်းဟာ လာမယ့်စက်တင်ဘာလအတွင်းမှာပဲ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ဥရောပဇုန်ခြေစစ်ပွဲအဖြစ် ဟန်ဂေရီ အန်ဒိုရာ ပိုလန်အသင်းတွေနဲ့ ဆက်တိုက်ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး ဒီပွဲစဉ်တွေအတွက် လူစာရင်းကို ထုတ်ပြန်လာခဲ့ရာမှာ လိဒ်စ်ယူနိုက်တက်အသင်းရဲ့ တိုက်စစ်ကစားသမား ဘမ်းဖိုဒ့်က ပထမဆုံးအကြိမ် ပါဝင်လာခဲ့သလို ဒဏ်ရာပြသာနာကြောင့် ယူရိုပြိုင်ပွဲနဲ့ လွဲချော်ထားခဲ့ရတဲ့ လီဗာပူးလ်ညာနောက်ခံကစားသမား အာနိုးမှာလည်း ပြန်လည်ရွေးချယ်ခံခဲ့ရပါတယ်။ ဒါ့အပြင် ယူရို-၂၀၂ဝပြိုင်ပွဲအတွင်း အသင်းရဲ့လူစာရင်းကနေ ချန်လှပ်ခံခဲ့ရတဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမား ဂျက်ဆီလင်ဂတ်မှာလည်း ပြန်လည်ရွေးချယ်ခံထားရပါတယ်။ အင်္ဂလန်အသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် ပွဲစဉ်(၃)ပွဲအထိကို ယှဉ်ပြိုင်ကစားထားခဲ့ပြီးဖြစ်ကာ (၃)ပွဲလုံးကို အနိုင်ရထားခဲ့သလို ရမှတ်(၉)မှတ်နဲ့ အုပ်စုဗိုလ်အဖြစ် ရပ်တည်လို့နေပါတယ်။ အင်္ဂလန်အသင်းဟာ ပိုလန် အယ်ဘေးနီးယား ဆန်မာရီနိုအသင်းတွေနဲ့ ရင်ဆိုင်တွေ့ဆုံထားခဲ့တာဖြစ်ပြီး အဲ့ဒီပွဲတွေအားလုံး ရာနှုန်းပြည့်နိုင်ပွဲတွေ ရယူထားနိုင်ခဲ့ပါတယ်။