ဘောလုံးလူဆိုးလို့ ခေါ်ဆိုသမုတ်ခံနေရတဲ့ မာရီယိုဘာလော့တယ်လီအနေနဲ့ အခုလက်ရှိ ဘယ်ကလပ်အသင်းမှာ ပါဝင်ကစားနေသလဲ ဆိုတာကို မသိရှိတော့တဲ့ ဘောလုံးပရိသတ်တွေ အများအပြားကို ရှိနေပါတယ်။ ယခင်က နာမည်ကျော် ဘောလုံးသမားတစ်ဦး ဖြစ်ခဲ့ဖူးတဲ့ ဘာလော့တယ်လီဟာ အရည်အသွေးကောင်းတဲ့သူ ဖြစ်ပေမယ့်လည်း စည်းကမ်းပိုင်း လိုက်နာမှု အားနည်းတာနဲ့ ပြသာနာကို မီးခွက်ထွန်းရှာတတ်တဲ့ အကျင့်တွေကြောင့် သူရဲ့ဘောလုံးသမားဘဝကို တဖြည်းဖြည်းနဲ့ ဆုတ်ယုတ်လာခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့် အခုတလောမှာတော့ ဘာလော့တယ်လီဟာ မမျှော်လင့်ထားတဲ့ အလှည့်အပြောင်းတွေနဲ့ ကြုံတွေ့ရဖွယ် ရှိနေရပါတယ်။

Photo Credit : Bleacher Report

အသက်(၃၁)နှစ်အရွှယ်ကို ရောက်ရှိနေပြီဖြစ်တဲ့ အီတလီ လက်ရွေးစင်ဟောင်း တိုက်စစ်ကစားသမား ဘဘာလော့တယ်လီက ကစားသမားဘဝမှာ အင်တာမီလန် မန်စီးတီး အေစီမီလန် လီဗာပူးလ် မာဆေးလ်တို့လို ထိပ်တန်းကလပ်အသင်းတွေမှာ ပါဝင်ကစားခဲ့ဖူးပေမယ့် အသင်းတစ်သင်းမှာ အများဆုံး (၃)နှစ်လောက်သာ ပါဝင်ခဲ့ရပြီး နာမည်ကျော် ဘောလုံးနည်းပြတွေ ကစားသမားတွေနဲ့ပါ အဆီအငေါ် မတည့်ခဲ့ရသလို နောက်ပိုင်းနှစ်တွေမှာလည်း အသင်းတစ်သင်းနဲ့ ဘောလုံးရာသီ တစ်ရာသီလောက်သာ ဖြတ်သန်းရခဲ့သလို သူ့ကိုလည်း အလိုရှိတဲ့ ကလပ်အသင်း အရေအတွက်က မရှိသလောက်ကို နည်းပါးလာခဲ့ရပါတယ်။

Photo Credit : Eurosport

လက်ရှိ တူရကီ ဘောလုံးကလပ်အသင်း အဒါနာဒီမီစပေါကို ရောက်ရှိနေတဲ့ ဘာလော့တယ်လီကို ပရီးမီးယားလိဂ် ကလပ်အသင်းလည်းဖြစ်ပြီး လက်ရှိ ကမ္ဘာ့အချမ်းသာဆုံး ဘောလုံးကလပ်ပါ ဖြစ်လို့နေတဲ့ နယူးကာဆယ်အသင်းက ခေါ်ယူသွားဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ်ထားခဲ့ပြီး များမကြာမီမှာပဲ ဘာလော့တယ်လီနဲ့ မန်စီးတီးအသင်းမှာ လက်တွဲခဲ့ဖူးတဲ့ နည်းပြကြီး ရောဘတ်တိုမန်စီနီကပါ အီတလီလက်ရွေးစင်အသင်းရဲ့ လူစာရင်းမှာ ပြန်လည်ရွေးချယ်သွားဖို့အထိပါ နီးစပ်နေတယ်လို့ သတင်းထွက်လာခဲ့ပါတယ်။ တကယ်လို့ အခုလို သတင်းတွေ ထွက်ပေါ်နေသလိုသာ တကယ်ဖြစ်လာခဲ့မယ်ဆိုရင်တော့ ဘာလော့တယ်လီအနေနဲ့ ဒီအခွင့်အရေးတွေကို မိမိရရ ဆုပ်ကိုင်ပြီး အကောင်းဆုံး အသုံးချသွားဖို့ လိုအပ်သလို သူရဲ့အမှုအကျင့်ဟောင်းတွေကိုလည်း ထပ်မဖြစ်လာဖို့ သတိထားသင့်ပါတယ်။ ဘာလော့တယ်လီဟာ ၂၀၁၉ခုနှစ် နှစ်လယ်ပိုင်းလောက်ကတည်းက ဥရောပထိပ်တန်း ဘောလုံးနယ်ပယ်နဲ့ အလှမ်းဝေးနေခဲ့တာ ဖြစ်သလို ၂၀၁၈ခုနှစ် စက်တင်ဘာလ နောက်ပိုင်းကတည်းက နိုင်ငံတကာပွဲတွေ မဆင်နွဲခဲ့ရတာကြောင့် ဒီအခွင့်အရေးတွေသာ ရလာခဲ့မယ်ဆိုရင် အကောင်းဆုံး အသုံးချသွားနိုင်သင့်ပါတယ်။