မန်စီးတီး လီဗာပူးလ် အေစီမီလန် အင်တာမီလန် နိုက်စ် မာဆေးလ်အသင်းတို့ရဲ့ တိုက်စစ်မှူးဟောင်းတစ်ယောက်ဖြစ်တဲ့ မာရီယိုဘလော့တယ်လီကတော့ သူရဲ့အသင်းသစ်ဖြစ်တဲ့ မွန်ဇာနဲ့ ပွဲဦးထွက်ကစားခဲ့ရတဲ့ စီးရီးဘီပွဲစဉ်ရဲ့ ပွဲကစားချိန်(၄)မိနစ်အတွင်းမှာပဲ မွန်ဇာအသင်းအတွက် အဖွင့်ဂိုးကို စတင်သွင်းယူနိုင်ခဲ့ပြီး အသင်းကို စတင်ဦးဆောင်စေနိုင်ခဲ့သလို သူရဲ့မွန်ဇာအသင်းဟာလည်း ပြိုင်ဘက်ဆလန်တီနာတာအသင်းကို (၃)ဂိုးပြတ်နဲ့ အနိုင်ရယူနိုင်ခဲ့ပါတယ်။

Photo Credit : The Sun

အသက်(၃၀)အရွှယ်ရှိ အီတလီလက်ရွေးစင်ဟောင်း တိုက်စစ်မှူးဘလော့တယ်လီဟာ ကစားသမားဘဝအတွင်း အင်တာမီလန် အေစီမီလန် မန်စီးတီး လီဗာပူးလ် နိုက်စ် ဘရက်စီယာအသင်းတွေမှာ ပါဝင်ကစားခဲ့ဖူးပြီး ဆုဖလားကြီးတွေကိုလည်း ပိုင်ဆိုင်နိုင်ခဲ့ရသလို ကစားသမားဘဝကလည်း အထိုက်အလျောက် အောင်မြင်ခဲ့ပါတယ်။ ဒါပေမယ့် အသင်းတိုင်းလိုလို ပြသာနာလေးတွေ ရှာတတ်သလို စည်းနဲ့ကမ်းနဲ့ မနေတတ်တဲ့ သူရဲ့အကျင့်တွေကြောင့် နောက်ဆုံးပါဝင်ခဲ့တဲ့ ဘရက်စီယာအသင်းနဲ့လည်း စာချုပ်ဖျက်သိမ်းခဲ့ရပြီးနောက် အသင်းလက်မဲ့ ဖြစ်နေရာကနေ ဒီဇင်ဘာ(၇)ရက်နေ့မှာပဲ စီးရီးဘီကလပ် မွန်ဇာအသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

Photo Credit : The Sun

အခုတော့ ဘလော့တယ်လီဟာ သူရဲ့အသင်းနဲ့အတူ စတင်ပွဲဦးထွက်ခွင့်ရခဲ့ပြီး မွန်ဇာအသင်းကိုလည်း ပွဲကစားချိန်(၄)မိနစ်အတွင်းမှာပဲ သူရဲ့ပွဲဦးထွက်သွင်းဂိုးကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ အီတလီလက်ရွေးစင်ဟောင်း တိုက်စစ်ကစားသမား ဘလော့တယ်လီဟာ ဒီနှစ်ရဲ့ ဇန်နဝါရီလ(၅)ရက်နေ့ကနေစတင်ပြီး ဂိုးပေါက်ပျောက်ဆုံးနေခဲ့ရတာဖြစ်ပြီး ရက်ပေါင်း(၃၆၀)အကြာမှ အခုလို သွင်းဂိုးပြန်လည်ပိုင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ ဘလော့တယ်လီဟာ လက်ရှိ မွန်ဇာအသင်းမှာ အသင်းဟောင်း အေစီမီလန်အသင်းမှုာ လက်တွဲခဲ့ဖူးတဲ့ အက်ဒရီယာနိုဂတ်လီယာဒီနီနဲ့ ပြန်လည်လက်တွဲခဲ့ရသလို ပို့စ်မောက် အေစီမီလန် ဘာစီလိုနာအသင်းတွေမှာ ပါဝင်ကစားခဲ့ဖူးတဲ့ ဂါနာကွင်းလယ်ကစားသမား ကယ်ဗင်ပရင့်စ်ဘိုတန်နဲ့ပါ တွဲဖက်ကစားနေရတာဖြစ်ပါတယ်။ ဘလော့တယ်လီရဲ့ မွန်ဇာအသင်းဟာ လက်ရှိ စီးရီးဘီအမှတ်ပေးဇယားရဲ့ အဆင့်(၃)နေရာမှာ ရပ်တည်လို့နေပြီး စီးရီးအေကို တတ်လှမ်းလာနိုင်ဖို့က အခြေအနေကောင်းနေတာကြောင့် မကြာခင်မှာ စီးရီးအေပြိုင်ပွဲအတွင်း ဘလော့တယ်လီကို ပြန်လည်မြင်တွေ့ရဖွယ် ရှိနေပါတယ်။