မန်စီးတီး လီဗာပူးလ် အေစီမီလန် အင်တာမီလန် မာဆေးအသင်းတို့ရဲ့ တိုက်စစ်ကစားသမားဟောင်း မာရီယိုဘာလိုတယ်လီဟာ သူရဲ့အမူအကျင့်ဆိုးတွေကို မစွန့်လွှတ်နိုင်သေးတာကြောင့် အသင်းကြီးတွေမှာ ကစားခွင့်ရရှိခဲ့ပေမယ့်လည်း သူရဲ့ဘောလုံးသမားဘဝကို တိုးတတ်လာခြင်းမရှိပဲ တဖြည်းဖြည်းကျဆင်းလာခဲ့ရသူဖြစ်ပါတယ်။ ဘာလိုတယ်လီဟာ အသင်းလက်မဲ့ဖြစ်နေရာကနေ ဒီနှစ်ဘောလုံးရာသီမှာ အီတလီစီးရီးအေပြိုင်ပွဲဆီ တန်းပြန်တတ်လာခဲ့တဲ့ ဘရက်စီယာအသင်းနဲ့ ပူးပေါင်းခဲ့ပြီးနောက် အခုဆိုရင် တစ်ရာသီမပြည့်ခင်မှာပဲ သူရဲ့အကျင့်ဆိုးတွေကြောင့် အသင်းနဲ့ လမ်းခွဲလိုက်ရပြီဖြစ်ပါတယ်။

Photo Credit : Sky Sport

အသက်(၂၉)နှစ်အရွှယ်ရှိ အီတလီလက်ရွေးစင်ဟောင်း ဘာလိုတယ်လီဟာ ဘရက်စီယာအသင်းနဲ့ လေ့ကျင့်ခန်းအစီအစဉ်ကို ဆယ်ရက်လောက်အထိ ပျက်ကွက်ခဲ့တဲ့အပြင် ဘရက်စီယာ အသင်းဥက္ကဌ မက်စီမိုဆယ်လီနိုနဲ့ပါ စကားအချေအတင်ဖြစ်ပြီးနောက် သက်တမ်း(၂)နှစ် ကျန်ရှိလို့နေသေးတဲ့ သူရဲ့စာချုပ်ကို ဘရက်စီယာဘက်ကနေ ဖျက်သိမ်းခဲ့ပြီး အသင်းကနေ ထုတ်ပယ်လိုက်ပြီလို့ သိရှိရပါတယ်။ ဘာလိုတယ်လီဟာ ဒီရာသီအစမှာပဲ သူမွေးရပ်မြေက ဘရက်စီယာအသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး စီးရီးအေ (၁၉)ပွဲအထိ ကစားခဲ့ရင်းနဲ့ သွင်းဂိုး(၅)ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပါတယ်။

Photo Credit : Goal.com

ဘာလိုတယ်လီဟာ သူရဲ့ဘောလုံးသမားဘဝကို အင်တာမီလန်မှာ စတင်ခဲ့တာဖြစ်ပြီး အင်တာရဲ့သမိုင်းဝင်အောင်မြင်မှုဖြစ်ခဲ့တဲ့ ဖလား(၃)လုံးပိုင်ဆိုင်ခဲ့တဲ့နှစ်မှာ ဟိုဆေးမော်ရင်ဟိုနဲ့ လက်တွဲခဲ့ရဖူးသူဖြစ်ပါတယ်။ အဲ့ဒီနောက်မှာ ဘာလိုတယ်လီဟာ မန်စီးတီးအသင်းကို ပြောင်းရွှေ့ခဲ့ပြီး အသင်းနဲ့ ပရီးမီးယားလိဂ်နဲ့ အက်အေဖလားတို့ကိုပါ ဆက်တိုက်ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဘာလိုတယ်လီက သူရဲ့စီနီယာကစားသမားဘဝ စတင်ချိန်မှာကတည်းက စည်းကမ်းပိုင်းအားနည်းချက်နဲ့ အမှုအကျင့်ဆိုးတွေကြောင့် အသင်းတစ်သင်းမှာ ကြာရှည်စွာမကစားရပဲ အင်တာ မန်စီးတီးအသင်းတို့မှာ (၃)နှစ်စီပဲ ကစားခဲ့ရသလို အဲ့ဒီနောက်ပိုင်းမှာလည်း အသင်းများစွာကို ပြောင်းရွှေ့ခဲ့ရပါသေးတယ်။ ၂၀၁၀ခုနှစ်ရဲ့ အကောင်းဆုံးလူငယ်ကစားသမားဆုကို ပိုင်ဆိုင်နိုင်ခဲ့တဲ့ ဘာလိုတယ်လီဟာ ခြေစွမ်းပိုင်း ထူးခြားကောင်းမွန်သူဖြစ်ပေမယ့် သူရဲ့စည်းကမ်းပိုင်း မလိုက်နာနိုင်မှုတွေကြောင့် တိုးတတ်သင့်သလောက် မတိုးတတ်လာတဲ့အပြင် အခုဆိုရင် ကလပ်အသင်းကနေ ထုတ်ပယ်ခံလိုက်ရတာကြောင့် အသင်းလက်မဲ့ဘဝကို ပြန်လည်ရောက်ရှိသွားခဲ့ရပါတယ်။