MySport Myanmar

အီတလီ စီးရီးအေပြိုင်ပွဲဆီကို ပြန်လာဖို့ စီစဉ်နေတဲ့ ဘာလော့တယ်လီ

အင်တာမီလန် အေစီမီလန် ဘရက်စီယာနဲ့ မွန်ဇာတို့လို အီတလီ စီးရီးအေ ကလပ်အသင်းတွေမှာ ပါဝင်ကစားခဲ့ဖူးတဲ့ အီတလီ တိုက်စစ်ကစားသမား မာရီယို ဘာလော့တယ်လီဟာ လက်ရှိမှာတော့ အီတလီ စီးရီးအေပြိုင်ပွဲဆီကို ပြန်လာဖို့အတွက် စီစဉ်နေပြီလို့ ဖာဘရီဇီယို ရိုမာနိုက သတင်းဖော်ပြလာခဲ့ပါတယ်။

အသက် (၃၄)နှစ်အရွယ် အီတလီ လက်ရွေးစင်ဟောင်း တိုက်စစ်မှူး ဘာလော့တယ်လီဟာ လက်ရှိမှာ ကလပ်အသင်းလက်မဲ့ ကစားသမားတစ်ယောက် ဖြစ်လို့နေပြီး ဒီရက်ပိုင်းမှာပဲ စီးရီးအေကလပ် ဂျီနိုအာအသင်းနဲ့ အပြောင်းအရွှေ့ကိစ္စတွေ ဆွေးနွေးဖြစ်ခဲ့တယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

Photo Credit : Transfermarket

အင်တာမီလန်အသင်းမှာ စီနီယာ ကစားသမားဘဝကို စတင်ခဲ့ပြီး တတိယမြောက် ဘောလုံးရာသီမှာပဲ အင်တာနဲ့အတူ တစ်ရာသီအတွင်း ဆုဖလား(၃)လုံးအထိ ဆွတ်ခူးခဲ့တဲ့ ဘာလော့တယ်လီဟာ အဲ့ဒီကနေ မန်စီးတီး အေစီမီလန် လီဗာပူးလ် နိုက်စ် မာဆေးလ် ဘရက်စီယာ မွန်ဇာ အဒါနာဒီမီယာစပေါ ဆီယွန်အသင်းတွေမှာ ပါဝင်ကစားဖြစ်ခဲ့ပါတယ်။

ဘာလော့တယ်လီဟာ အရည်အသွေးမြင့် ကစားသမားကောင်းတစ်ဦး ဖြစ်ပေမယ့်လည်း စည်းကမ်းပိုင်း မလိုက်နာနိုင်မှုနဲ့ ပြဿနာ မီးခွက်ထွန်းရှာတက်မှုတွေကြောင့် မကြာခဏ အသင်းအပြောင်းအလဲ လုပ်ဆောင်ရတက်ပြီး နောက်ပိုင်းမှာလည်း ခြေစွမ်းပိုင်းတွေ တဖြည်းဖြည်း ကျဆင်းသွားရပါတယ်။

Photo Credit : Transfermarket

ဆွစ်ဇာလန် ကလပ်အသင်းတွေအထိပါ သွားရောက် ကစားခဲ့ရတဲ့ ဘာလော့တယ်လီဟာ အခုလည်း တူရကီကလပ် အဒါနာ ဒီမီယာစပေါအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားတာကြောင့် အသင်းလက်မဲ့ ဖြစ်လို့နေပြီး လက်ရှိမှာတော့ အီတလီ ကစားသမားဟောင်း ဂီလာဒီနို ကိုင်တွယ်နေတဲ့ ဂျီနိုအာက ဘာလော့တယ်လီကို ခေါ်ယူဖို့ ပြင်ဆင်လာပါတယ်။

အီတလီ အခြေစိုက် သတင်းမီဒီယာ la Repubblica ရဲ့ ဖော်ပြချက်အရ ဘာလော့တယ်လီနဲ့ နည်းပြ ဂီလာဒီနိုတို့ဟာ ဒီကနေ့ မနက်ပိုင်းမှာပဲ အပြောင်းအရွှေ့ ကိစ္စတွေကို ဖုန်းနဲ့ ဆက်သွယ်မှု လုပ်ဆောင်ခဲ့ပြီး ဒီအပြောင်းအရွှေ့က ဖြစ်ပေါ်လာဖို့လည်း အခြေအနေများနေတယ်လို့ သိရှိရပါတယ်။

Exit mobile version