ခြေစွမ်းပိုင်း ကောင်းမွန်လှပေမယ့် စည်းကမ်းပိုင်းမှာ အားနည်းတတ်ပြီး ရောက်တဲ့နေရာတိုင်းမှာလည်း ပြသာနာပေါင်းစုံကို ရှာဖွေတတ်တဲ့ တိုက်စစ်ကစားသမား မာရီယိုဘာလော့တယ်လီဟာ လက်ရှိမှာ သူရဲ့အသက်အရွှယ်အရ ဘောလုံးသမားတစ်ယောက်အတွက် အကောင်းဆုံးအချိန်ကို ရောက်နေပေမယ့် သူရဲ့အကျင့်ဆိုးတွေကြောင့် ဘယ်အသင်းကမှ မခေါ်ယူချင်ပဲ ဖြစ်နေလို့ အသင်းလက်မဲ့အဖြစ်နဲ့ ကျန်ရှိနေရပါတယ်။ ဒါပေမယ့် ဘလော့တယ်လီဟာ လာမယ့်ဇန်နဝါရီလမှာတော့ ဗက်စကိုဒါဂါးမားဆိုတဲ့ ဘရာဇီးကလပ်အသင်းဆီကို ပြောင်းရွှေ့ဖွယ် ရှိနေတယ်လို့ သတင်းမီဒီယာတွေမှာ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : BlogSicilia

အသက်(၃၀)အရွှယ်ရှိ အီတလီလက်ရွေးစင်ဟောင်း တိုက်စစ်မှူးဘလော့တယ်လီဟာ ကစားသမားဘဝအတွင်း အင်တာမီလန် အေစီမီလန် မန်စီးတီး လီဗာပူးလ် နိုက်စ် ဘရက်စီယာအသင်းတွေမှာ ပါဝင်ကစားခဲ့ဖူးပြီး ဆုဖလားကြီးတွေကိုလည်း ပိုင်ဆိုင်နိုင်ခဲ့ရသလို ကစားသမားဘဝကလည်း အထိုက်အလျောက် အောင်မြင်ခဲ့ပါတယ်။ ဒါပေမယ့် အသင်းတိုင်းလိုလို ပြသာနာလေးတွေ ရှာတတ်သလို စည်းနဲ့ကမ်းနဲ့ မနေတတ်တဲ့ သူရဲ့အကျင့်တွေကြောင့် နောက်ဆုံးပါဝင်ခဲ့တဲ့ ဘရက်စီယာအသင်းနဲ့လည်း စာချုပ်ဖျက်သိမ်းခဲ့ရပြီး အခုချိန်ထိ အသင်းလက်မဲ့ ဖြစ်လို့နေရပါတယ်။

Photo Credit : SPORTbible

ဒါပေမယ့် လတ်တလောမှာတော့ ဘလော့တယ်လီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူသွားဖို့အတွက် ဘရာဇီးကလပ် ဗက်စကိုဒါဂါးမားအသင်းကနေ စိတ်ဝင်စားလျက်ရှိနေပြီး အသင်းရဲ့နည်းစနစ်ဒါရိုက်တာကိုယ်တိုင်ပါ သူတို့နဲ့ ဘလော့တယ်လီတို့ကြား ဆွေးနွေးမှုတွေ ရှိနေတယ်လို့ အသိပေးပြောဆိုထားခဲ့ပါတယ်။ ဗက်စကိုဒါဂါးမားအသင်းရဲ့ နည်းစနစ်ဒါရိုက်တာဖြစ်သူက “ကျွန်တော်တို့အသင်းရဲ့ ပရိသတ်တွေအတွက်ဆိုရင် မာရီယိုက မာရာဒိုနာလိုမျိုးပါပဲ။ ဗက်စကိုက မာရီယိုလို ကစားသမားမျိုးကို လိုအပ်သလို မာရီယိုကလည်း ဗက်စကိုလို အသင်းမျိုးကို လိုအပ်နေမှာပါ။ ကျွန်တော်တို့ သူ့ကို အလိုရှိပါတယ်။ ကျွန်တော်တို့အသင်းကလည်း ရီးရဲလ်မက်ဒရစ်အသင်းပြီးရင် ကမ္ဘာပေါ်မှာ ဒုတိယမြောက် ဆုဖလားအများဆုံး ဘောလုံးအသင်းတစ်သင်းဆိုတာကိုတော့ ကျွန်တော်တို့ မမေ့ထားဖို့ လိုအပ်ပါတယ်။ မာရီယိုအနေနဲ့ ရီယိုဒီဂျနေရိုးမြို့ကို လာရောက်ပြီး ပေါက်တတ်ကရတွေ လုပ်ဆောင်လိမ့်မယ်လို့တော့ မထင်မိပါဘူး။ သူက လက်ရှိမှာဆိုရင် စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်တည်ငြိမ်မှုတွေ ရှိနေပြီလို့ ထင်မိပါတယ်။ တရားဝင်အရတော့ ကျွန်တော်တို့ ဘယ်သူ့ကိုမှ မခေါ်ယူနိုင်သေးပါဘူး။ ဒါပေမယ့် ကမ်းလှမ်းမှုတွေ လုပ်ဆောင်ထားပြီး အထမြောက်လာနိုင်ဖို့ကလည်း နီးစပ်လို့နေပါတယ်” ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။