အာဆင်နယ်အသင်းရဲ့ ကစားသမားဟောင်းတစ်ဦးဖြစ်သူ တိုက်စစ်မှူး ဖလော်ရန့် ဘာလိုဂန်က သူ့အသင်းဟောင်းကို အခုနှစ် ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် အမှတ်ပေး ချန်ပီယံ ဆုဖလားကြီးကို ပိုင်ဆိုင်စေချင်တယ်လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် (၂၂)နှစ်အရွယ် ရှိပြီဖြစ်တဲ့ အမေရိကန် လက်ရွေးစင် တိုက်စစ်ကစားသမား ဘာလိုဂန်ဟာ ၂၀၀၈ခုနှစ်ကတည်းက အာဆင်နယ် လူငယ်အကယ်ဒမီဆီ ရောက်ရှိနေခဲ့တာဖြစ်ပြီး ၂၀၂၀မှာပဲ စီနီယာ ကစားသမားဘဝကို စတင်ခွင့် ရရှိခဲ့ပါတယ်။

Photo Credit : Goal

ဒါပေမယ့် အာဆင်နယ်အတွက် ပွဲကစားခွင့် သိပ်မရခဲ့တဲ့ ဘာလိုဂန်ဟာ မစ်ဒယ်ဘရော့နဲ့ ပြင်သစ် လီဂူးဝမ်းကလပ် Reims အသင်းတွေမှာ အငှားနဲ့ သွားရောက်ကစားရင်း ဒီနွေမှာပဲ မိုနာကိုအသင်းဆီ ပြောင်းရွှေ့ကြေး ယူရို သန်း(၄၀)နဲ့ အပြီးသတ် ပြောင်းရွှေ့သွားခဲ့ပါတယ်။

လက်ရှိမှာတော့ ဘာလိုဂန်က အသင်းဟောင်း အာဆင်နယ်က ပရီးမီးယားလိဂ်မှာ စွမ်းဆောင်ရည်ကောင်းတွေ ပြသထားသလို ချန်ပီယံလိဂ်မှာလည်း ဗိုလ်စွဲဖို့ ရေပန်းစားဆုံး အသင်းတွေထဲမှာပါ ထိပ်ဆုံးနေရာလောက်ကနေ ပါဝင်လာခဲ့ပါတယ်။ သူ့အသင်းဟောင်းနဲ့ ပတ်သက်ပြီး ဘာလိုဂန်က “ကျွန်တော်က သူတို့ကို ချန်ပီယံလုပွဲအတွက် အားပေးနေပါတယ်။ သူတို့ကိုလည်း ချန်ပီယံတွေ ဖြစ်လာစေချင်တယ်။”

Photo Credit : The Telegraph

“ကျွန်တော့်အသင်းဖော်တွေနဲ့လည်း ကျွန်တော် စကားပြောဆိုတာတွေ အဆက်အသွယ်တွေ ရှိနေပါသေးတယ်။ နောက်ပြီးတော့ လန်ဒန်ကို ရောက်တုန်းကဆိုရင်လည်း သူတို့တွေနဲ့ သွားလာ စားသောက်ခဲ့ပါသေးတယ်။ ကျွန်တော်တို့ကြားမှာ ရင်းနှီး နွေးထွေးတဲ့ ဆက်ဆံရေးတွေ ရှိနေကြပါတယ်။”

“နောက်ပြီးတော့ ကျွန်တော်က သူတို့ကို ချန်ပီယံလိဂ် အတွေ့အကြုံတွေ မေးကြည့်တယ်။ သူတို့ကလည်း ချန်ပီယံလိဂ်မှာ ကစားရတာ ဘယ်လောက် ကြီးကျယ်ခမ်းနားကြောင်း ပြန်ပြောပြပါတယ်။ ကျွန်တော်လည်း မိုနာကိုအသင်းနဲ့အတူ ချန်ပီယံလိဂ် အတွေ့အကြုံတွေကို ရရှိသွားချင်ပါတယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။