ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကမှ ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်ကနေ ပြင်သစ်ကလပ် ရိမ်းစ်ဆီ တစ်ရာသီအငှားနဲ့ ပြောင်းရွှေ့ခဲ့တဲ့ လူငယ်ကြယ်ပွင့် တိုက်စစ်မှူး ဘာလိုဂန်က လီဂူးဝမ်း ပွဲစဉ်(၂၁) အပြီးမှာ လိဂ်ရဲ့ ဂိုးသွင်းအများဆုံး ကစားသမား ဖြစ်လာတယ်လို့ သိရပါတယ်။

ဘာလိုဂန်က ယမန်နေ့ မနက်အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ရိမ်းစ် ၄-၂ လိုရီးယန့် ပွဲစဉ်မှာ ဟက်ထရစ် သွင်းယူကာ အသင်းကို နိုင်ပွဲရအောင် ကူညီပေးခဲ့သလို သူ့ရဲ့ ဒီရာသီ လီဂူးဝမ်းပြိုင်ပွဲမှာ သွင်းယူခဲ့တဲ့ သွင်းဂိုး အရေအတွက်ဟာ ၁၄ဂိုး အထိ ရှိလာခဲ့ပါတယ်။

Photo Credit: Standard

ဒါကြောင့်ပဲ ဘာလိုဂန်က ပီအက်စ်ဂျီ တိုက်စစ်မှူးတွေ ဖြစ်တဲ့ အမ်ဘာပေနဲ့ နေမာ ၊ လိုရီးယန့် တိုက်စစ်မှူး မော့ဖီ ၊ လိုင်လီ တိုက်စစ်မှူး ဂျွန်နသန် ဒေးဗစ် ၊ ဘင်ဖီကာ တိုက်စစ်မှူး ဘင်ယီဒါနဲ့ သူ့ရဲ့ အသင်းဖော်ဟောင်းလည်းဖြစ် ၊ လက်ရှိ လိုင်ယွန် တိုက်စစ်မှူးလည်း ဖြစ်တဲ့ လာကာဇက်တို့ကို ကျော်ကာ ပြင်သစ် လီဂူးဝမ်းရဲ့ ဂိုးသွင်းအများဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။

အသက် ၂၁နှစ် အရွယ်သာ ရှိသေးတဲ့ ဘာလိုဂန်ဟာ အာဆင်နယ်မှာ ရှိနေစဉ်က တောင်ပံတွေမှာသာ ထွက်ကစားခဲ့ရပေမယ့် ရိမ်းစ်ဆီ ရောက်ရှိပြီးနောက် အထောင်တိုက်စစ်မှူး အဖြစ် ကစားခွင့် ရနေပြီး သူက ရိမ်းစ်အတွက် ပြိုင်ပွဲစုံမှာ ၂၁ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၅ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၂ကြိမ် ပြုလုပ်ထားနိုင်ပါတယ်။

Photo Credit: Standard

ဘာလိုဂန်ရဲ့ သွင်းဂိုးတွေထဲက ၅ဂိုးဟာ ပင်နယ်တီ ကနေ တဆင့် သွင်းယူထားတဲ့ သွင်းဂိုးတွေ ဖြစ်ပြီး ကျန်တဲ့ သွင်းဂိုး ၁၀ဂိုးကတော့ ဂိုးဧရိယာထဲ ကနေ ကန်သွင်းခဲ့တဲ့ သွင်းဂိုးတွေပဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ အာဆင်နယ်နဲ့ ရိမ်းစ်တို့ရဲ့ တာဝန်ရှိသူတွေက ဘာလိုဂန်ရဲ့ ခြေစွမ်းတွေကို သဘောကျနေကြပြီး ရိမ်းစ်က ဘာလိုဂန်ကို နောက်ထပ် ၁နှစ် ထပ်ငှားချင်နေပေမယ့် အာဆင်နယ်ကတော့ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ဘာလိုဂန်ကို အသင်းဆီ ပြန်ခေါ်တော့မယ်လို့ အာဆင်နယ်နဲ့ နီးစပ်သူတွေက ဆိုထားကြပါတယ်။