ဥရောပ လက်ရွေးစင် အသင်းတွေထဲမှာ ပရိသတ်တွေနဲ့ သိပ်မစိမ်းတဲ့ ဝေးလ်ကတော့ ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားဝင်ခွင့် အဆုံးအဖြတ် ပွဲစဉ်မှာ ယူကရိန်းကို ၁-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပြီးနောက် အသင်းတည်ထောင်ခဲ့တဲ့ နှစ်ပေါင်း ၆၄နှစ် အတွင်း ပထမဦးဆုံးအကြိမ် အဖြစ် ကမ္ဘာ့ဖလားဝင်ခွင့်ကို အရယူနိုင်ခဲ့ပါတယ်။

ဂရိတ်ဗြိတိန်နိုင်ငံ တနိုင်ငံ ဖြစ်တဲ့ ဝေးလ်က ရိုင်ယန်ဂစ် ၊ ဘယ်လာမီ စတဲ့ ကမ္ဘာကျော် ကစားသမားတွေကို ပိုင်ဆိုင်ခဲ့ပေမယ့် ကမ္ဘာပေါ်မှာ အကြီးမားဆုံး ပြိုင်ပွဲတခု ဖြစ်တဲ့ ကမ္ဘာ့ဖလားဝင်ခွင့်ကိုတော့ မရခဲ့ပဲ ယခုနှစ်မှသာ ဂါရတ်ဘေးလ်လို ကြယ်ပွင့် ကစားသမားမျိုးရဲ့ ဦးဆောင်မှုနဲ့အတူ ကမ္ဘာ့ဖလားဝင်ခွင့်ကို အမိအရ သိမ်းပိုက်နိုင်ခဲ့တာပါ။

Photo Credit: Sky Sports

ဝေးလ်နိုင်ငံ ၊ ကာဒစ်မြို့မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ကမ္ဘာ့ဖလားဝင်ခွင့် အဆုံးအဖြတ် ပွဲစဉ်မှာ ဝေးလ်က အသင်းခေါင်းဆောင် တိုက်စစ်မှူး ဂါရတ်ဘေးလ်ရဲ့ ဖရီးကစ်ကန်ချက်ကို ယူကရိန်း အသင်းခေါင်းဆောင် ယာမိုလန်ကိုရဲ့ တားဆီးမှုကနေ ရရှိခဲ့တဲ့ တလုံးထဲသော သွင်းဂိုးနဲ့အတူ ယူကရိန်းကို ၁-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရကာ ကမ္ဘာ့ဖလားဝင်ခွင့်ကို ရရှိသွားခဲ့တာပဲ ဖြစ်ပါတယ်။

ယူကရိန်းကို အနိုင်ရပြီး ကမ္ဘာ့ဖလားဝင်ခွင့်ကို သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ဝေးလ်အသင်းခေါင်းဆောင် ဂါရတ်ဘေးလ်က ၂၀၂၂ ကမ္ဘာ့ဖလားဝင်ခွင့်ကို ရရှိခဲ့တာဟာ ဝေးလ်ရဲ့ သမိုင်းတလျှောက်မှာ အကြီးကျယ်ဆုံး အောင်မြင်မှု တခု ဖြစ်ခဲ့ကြောင်း ကြွေးကြော်သွားခဲ့ပါတယ်။

Photo Credit: Sky Sports

ဂါရတ်ဘေးလ်က – “ဒီကမ္ဘာ့ဖလားဝင်ခွင့် အောင်မြင်မှုက ဝေးလ်ဘောလုံးသမိုင်းမှာ အကြီးကျယ်ဆုံး အောင်မြင်မှုပါပဲ။ အခုချိန်မှာ ကျွန်တော်တို့ အားလုံး အတော်လေးကို ပျော်ရွှင်နေပါတယ်။ ဒီမှာ ကျွန်တော်တို့ရဲ့ ပရိသတ်တွေ ရှိနေသလို ပရိသတ်ကြီးကလည်း ကျွန်တော်တို့ကို ကမ္ဘာ့ဖလားပြိုင်ပွဲမှာ လာရောက် အားပေးဖို့ မျှော်လင့်ထားပါတယ်။ ပရိသတ်တွေ ဂုဏ်ယူရအောင် ကြိုးပမ်းပေးနိုင်ခဲ့လို့လည်း ပျော်ရွှင်မိပါတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။