ပရီးမီးယားလိဂ် နာမည်ကြီး အသင်းတွေထဲက တစ်သင်းဖြစ်တဲ့ စပါးအသင်းထံ ယခုနှစ် နွေစျေးကွက် အပြောင်းအရွှေ့ကမှ ပြန်ရောက်လာခဲ့တဲ့ တောင်ပံ ကစားသမား ဂါရတ်ဘေးလ် ကတော့ အောက်တိုလာလ ၁၈ရက်နေ့မှ ကစားရမယ့် စပါးအသင်းနဲ့ ဝက်စ်ဟမ်းအသင်းတို့ရဲ့ လန်ဒန်ဒါဘီပွဲမှာ အသင်းအတွက် စတင် ကစားပေးနိုင်ဖွယ် ရှိကြောင်း လန်ဒန်မြို့ အခြေစိုက် သတင်းဌာနတွေက ဖော်ပြ သွားကြပါတယ်။ အသက် ၃၁နှစ် အရွယ် ဝေးလ်လက်ရွေးစင် ဂါရတ်ဘေးလ်ဟာ စပါးအသင်းနဲ့အတူ ကမ္ဘာ့ ဘောလုံးစင်မြင့်မှာ တောက်ပခဲ့သူ တစ်ဦး ဖြစ်ပြီး ၂၀၁၃ခုနှစ်မှာတော့ စပါးအသင်းကနေ စပိန်ကလပ် ရီးရဲလ်မက်ဒရစ် အသင်းထံ ပြောင်းရွှေ့ ကစားခဲ့ကာ ယခုနှစ် ဘောလုံးရာသီကို ရောက်မှသာ တစ်ရာသီအငှားနဲ့ အသင်းဟောင်းထံ ပြန်လည် ပြောင်းရွှေ့လာခဲ့သူပါ။

Photo Credit: Football London

ဂါရတ်ဘေးလ်ဟာ ရီးရဲလ်မက်ဒရစ် အသင်းကနေ စပါးအသင်းထံ ပြောင်းရွှေ့လာခဲ့တဲ့ အချိန်မှာ ဒူးဒဏ်ရာ ရရှိနေတာကြောင့် စပါးအသင်းရဲ့ ပွဲစဉ်တွေကို ပါ​ဝင် ကစားပေးနိုင်ခဲ့ခြင်း မရှိပဲ အပေါ့စား လေ့ကျင့်ခန်းတွေကိုသာ ပြုလုပ်ခဲ့ရပါတယ်။ ယခုတစ်ပတ်ထဲ မှာတော့ ဂါရတ်ဘေးလ်ဟာ အသင်းနဲ့အတူ လေ့ကျင့်ခန်းတွေ စတင် ဆင်းနေပြီ ဖြစ်ကြောင်း လန်ဒန်မြို့ အခြေစိုက် သတင်းဌာနတွေက သတင်းဓာတ်ပုံတွေနဲ့ အတူ တင်ပြသွားခဲ့ပြီး ဘေးလ်ဟာ လာမယ့် သီတင်းပတ်မှာ ကစားမယ့် ဝက်စ်ဟမ်းအသင်းနဲ့ လန်ဒန်ဒါဘီပွဲမှာ အသင်းအတွက် ဒုတိယ အကြိမ်မြောက် ကစားပေးနိုင်တော့မှာ ဖြစ်ကြောင်း ဖော်ပြသွားကြပါတယ်။

Photo Credit: Football London

ဒါပေမယ့် စပါးအသင်း နည်းပြဖြစ်သူ မော်ရင်ဟိုက ဂါရတ်ဘေးလ်ကို အလျင်စလို သုံးစွဲဦးမှာ မဟုတ်ပဲ လူစားဝင် ကစားသမား အဖြစ်သာ သုံးစွဲဖွယ် ရှိကြောင်း ဘောလုံးသုတေသီတွေက သုံးသပ် ထားကြပါတယ်။ စပါးအသင်း နည်းပြဖြစ်သူ မော်ရင်ဟိုဟာ ဂါရတ်ဘေးလ်ကို အလွန် သဘောကျတဲ့ နည်းပြတစ်ဦး ဖြစ်တာကြောင့် ဒဏ်ရာကနေ ပြန်လည် သက်သာလာတဲ့ ဘေးလ်ဟာ စပါးအသင်းရဲ့ တိုက်စစ်မှာ ပုံမှန်နေရာ တစ်နေရာ ရရှိဖွယ် ရှိပြီး မော်ရင်ဟိုဟာ ဆွန်ဟောင်မင် ၊ ဟယ်ရီကိန်းနဲ့ ဂါရတ်ဘေးလ်တို့ သုံးဦးတွဲ တိုက်စစ်ကို သုံးစွဲသွားနိုင်တယ် လို့ စပါးအသင်းနဲ့ နီးစပ်သူတွေက ဝန်ခံထားကြပါတယ်။ မော်ရင်ဟိုဟာ သူကိုင်တွယ်တဲ့ အသင်းတိုင်းမှာ အနိမ့်ဆုံး ဖလားအောင်မြင်မှု တစ်ခုကို ရယူပြလေ့ ရှိတဲ့ နည်းပြတစ်ဦး ဖြစ်တာကြောင့် ဆွန်ဟောင်မင် ၊ ကိန်းနဲ့ ဘေးလ်တို့ရဲ့ သုံးဦးတွဲ တိုက်စစ်နဲ့အတူ ယခုနှစ် ရာသီမှာ ဘယ်လို ဆုဖလားမျိုးကို ရယူပြနိုင်ဖို့ ကြိုးစားမလဲ ဆိုတာက စိတ်ဝင်စားစရာပါပဲ။