စပိန် လာလီဂါကလပ် ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ဝေးလ်တောင်ပံ ကစားသမား ဖြစ်သူ ဂါရတ်ဘေးလ်ဟာ သူ့ရဲ့ အသင်းဟောင်း ဖြစ်တဲ့ ပရီးမီးယားလိဂ်ကလပ် စပါးအသင်းထံ တစ်ရာသီ အငှားနဲ့ ပြောင်းရွှေ့ ကစားတော့မှာလည်း ဖြစ်ပါတယ်။ အသက် ၃၁ နှစ် အရွယ် တောင်ပံ တိုက်စစ် ကစားသမား ဂါရတ်ဘေးလ်ဟာ မနေ့ကပဲ လန်ဒန်မြို့ကို လာရောက်ကာ စပါးအသင်းနဲ့ ဆေးစစ်မှုတွေ ပြုလုပ် ပြီးစီးခဲ့ပြီး မကြာခင်မှာတော့ စပါးအသင်းရဲ့ တရားဝင် ကစားသမား ဖြစ်လာတော့မှာပါ။ ဒါပေမယ့် ယနေ့မနက်မှာ ထွက်ပေါ်လာတဲ့ သတင်းတွေ အရတော့ စပါးအသင်းရဲ့ ပရိသတ်တွေဟာ ဘေးလ်ကို အသင်းရဲ့ ဝတ်စုံနဲ့အတူ မြင်တွေ့ရဖို့ အချိန်အနည်းငယ် စောင့်ဆိုင်းရဦးမယ် လို့ သိရှိရပါတယ်။

Photo Credit: Metro

စပိန်အခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြချက် အရတော့ ဂါရတ်ဘေးလ်ဟာ စပါးအသင်းနဲ့ ဆေးစစ်မှု အောင်မြင်သွားခဲ့ပေမယ့် ပြီးခဲ့တဲ့ နိုင်ငံတကာပွဲ ရက်သတ္တပတ်မှာ ဝေးလ်အသင်း အတွက် ပါဝင် ကစားပေးခဲ့ပြီး ပြန်ရောက်လာတဲ့ အချိန်မှာ ဘေးလ်ဟာ ဒူးဒဏ်ရာတစ်ခု ရရှိထားတယ် လို့ သိရပါတယ်။ လန်ဒန်မြို့ အခြေစိုက် သတင်းဌာနတွေကလည်း အဆိုပါသတင်း အပေါ် အတည်ပြုထားကြပြီး ဂါရတ်ဘေးလ်ဟာ ဒူးခေါင်း ဒဏ်ရာတစ်ခု ရရှိထားပေမယ့် အဆိုပါ ဒဏ်ရာကြောင့် ဆေးစစ်မှုတွေဟာ ပြဿနာ မရှိခဲ့ပဲ အောင်မြင်စွာ ပြီးဆုံးခဲ့ကြောင်း ဖော်ပြထားကြပါတယ်။ ဒါပေမယ့် ဘေးလ်ဟာ အဆိုပါ ဒဏ်ရာကြောင့် စပါးအသင်းရဲ့ ပွဲစဉ်တချို့ကို လွဲချော်ဖွယ် ရှိနေပါတယ်။

Photo Credit: Metro

ထွက်ပေါ်လာတဲ့ သတင်းတွေ အရတော့ ဂါရတ်ဘေးလ်ဟာ ဒူးဒဏ်ရာကြောင့် အနည်းဆုံး ၃ပတ်ခန့် အနားယူရဖွယ် ရှိနေကာ လာမယ့် အောက်တိုဘာလ အလယ်ပိုင်းနဲ့ နှောင်းပိုင်းကို ရောက်မှသာ စပါးအသင်း အတွက် ပါဝင် ကစားပေးနိုင်မှာ ဖြစ်ကြောင်း သိရှိထားရပြီး အဆိုပါ သတင်းတွေဟာ မှန်ကန်မှုရှိကြောင်း Marca သတင်းဌာနက အတည်ပြုထားပါတယ်။ ဒဏ်ရာ ပြဿနာ ကျွမ်းကျင်သူတွေရဲ့ သုံးသပ်ချက် အရတော့ ဘေးလ်ဟာ အောက်တိုဘာလ ၁၇ရက်နေ့မှာ ကစားမယ့် ဝက်စ်ဟမ်းနဲ့ပွဲစဉ် ၊ ၂၄ ရက်နေ့မှာ ကစားမယ့် ဘန်လေနဲ့ ပွဲစဉ် ၊ အောက်တိုဘာ အကုန်မှာ ကစားမယ့် ဘရိုက်တန်အသင်းနဲ့ ပွဲစဉ်တွေထဲက တစ်ပွဲပွဲမှာမှ စပါးအသင်းအတွက် ပါဝင် ကစားပေးနိုင်မယ်လို့ သိရှိထားရပါတယ်။ ဒါ့ကြောင့် ဘေးလ်ရဲ့ ကစားပုံကို မြင်တွေ့ရဖို့ အတွက် စပါးပရိသတ်တွေဟာ နောက်ထပ် တစ်လလောက် ထပ်မံ စောင့်ဆိုင်းရမှာပါ။