ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက အသင်းဟောင်း စပါးအသင်းမှာ တစ်ရာသီအငှားနဲ့ လာရောက်ကစားခဲ့တဲ့ ဝေးလ်စ်တောင်ပံကစားသမားကြီး ဂါရတ်ဘေးလ်ဟာ လက်ရှိအချိန်မှာ သူရဲ့အငှားစာချုပ်က ပြည့်မြောက်သွားခဲ့ပြီဖြစ်လို့ မူလကလပ်အသင်းဖြစ်တဲ့ ရီးယဲလ်မက်ဒရစ်အသင်းကို ပြန်လည်ရောက်ရှိနေပြီဖြစ်သလို ရီးယဲလ်အသင်းကလည်း သူနဲ့အဆင်မပြေ ဖြစ်နေတဲ့ နည်းပြဇီဒန်း ကိုင်တွယ်နေတာ မဟုတ်တော့ပဲ သူ့ကို ရီးယဲလ်အသင်းဆီ ခေါ်ဆောင်ခဲ့တဲ့ နည်းပြအန်စလော့တီ ကိုင်တွယ်နေတာဖြစ်လို့ ဘေးလ်အနေနဲ့ လာမယ့်ရာသီမှာတော့ ရီးယဲလ်မှာသာ ဆက်လက်ရှိနေလိမ့်မယ်လို့ AS ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Goal

အသက်(၃၂)နှစ်အရွှယ်ရှိ ဝေးလ်စ်လက်ရွေးစင် တောင်ပံတိုက်စစ်ကစားသမား ဘေးလ်ဟာ ရီးယဲလ်အသင်းမှာ နည်းပြဟောင်း ဇီဒန်းနဲ့ ဆက်ဆံရေး အဆင်မပြေမှုတွေ ရှိနေတာဖြစ်လို့ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာပဲ သူရဲ့အသင်းဟောင်း စပါးအသင်းဆီကို အငှားနဲ့ သွားရောက်ကစားခဲ့ရပြီး စပါးအတွက် ပြိုင်ပွဲစုံပွဲပေါင်း (၃၄)ပွဲ ပါဝင်ကစားခဲ့ကာ သွင်းဂိုးပေါင်း (၁၆)ဂိုးအထိကို သွင်းယူနိုင်ခဲ့ပါတယ်။ အသင်းဟောင်းဆီ တကျော့ပြန် ရောက်လာခဲ့တဲ့ ဘေးလ်ဟာ စပါးမှာ အထိုက်အလျောက် ခြေစွမ်းပြနိုင်ခဲ့ပေမယ့်လည်း သူရဲ့လစာမြင့်မားမှုကြောင့် စပါးဘက်ကနေ နောက်တစ်ရာသီ ထပ်မငှားနိုင်တော့ပဲ ရီးယဲလ်အသင်းဆီကိုသာ ပြန်လည်စေလွှတ်ခဲ့ရပါတယ်။

Photo Credit : Goal

ဘေးလ်ဟာ လာမယ့် ၂၀၂၂ခုနှစ်မှာပဲ ရီးယဲလ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားတော့မှာဖြစ်ပေမယ့် ကစားသမားကိုယ်တိုင်က သူရဲ့ဆရာသမား အန်စလော့တီလက်အောက်မှာ ပါဝင်ကစားချင်နေသလို အန်စလော့တီကိုယ်တိုင်ကလည်း ဘေးလ်ကို အသင်းမှာပဲ ဆက်လက်ရှိနေစေချင်လို့ လာမယ့် ဘောလုံးရာသီအတွင်းမှာတော့ ဘေးလ်ကို ရီးယဲလ်အသင်းမှာသာ ဆက်လက်မြင်တွေ့ရလိမ့်မယ်လို့ စပိန်သတင်းစာ AS က ဖော်ပြလာခဲ့ပါတယ်။ ဒါပေမယ့် လူငယ်ခြေတတ် ကစားသမားလေးတွေကို ခေါ်ယူသွားဖို့ ပြင်ဆင်လျက်ရှိနေတဲ့ ရီးယဲလ်အသင်းဟာ တစ်နှစ်သာ စာချုပ်သက်တမ်း ကျန်ရှိနေတော့တဲ့ ဂါရတ်ဘေးလ်ကို သက်တမ်းတိုးသွားတော့မှာမဟုတ်ပဲ စာချုပ်ပြည့်ချိန်မှသာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွတ်သွားဖွယ် ရှိနေပါတယ်။ ဒါပေမယ့် ကိုဗစ်ကြောင့် စီးပွားရေး အထိနာထားရတဲ့ ရီးယဲလ်အသင်းဟာ ဘေးလ်အတွက် ဆက်လက်ပေးချေရဦးမယ့် လစာကို အနည်းငယ်လျှော့ချသွားချင်နေပြီး ဒီကိစ္စသာ အဆင်မပြေ ဖြစ်ခဲ့မယ်ဆိုရင်တော့ ဒီနှစ် နွေစျေးကွက်မှာပဲ ဘေးလ်နဲ့ ရီးယဲလ်အသင်းတို့ လက်တွဲဖြုတ်သွားရနိုင်ပါတယ်။