MySport Myanmar

အင်္ဂလန် လိဂ်ဝမ်းကလပ်တစ်ခုကို ဝယ်ယူပြီး အသင်းပိုင်ရှင် ဖြစ်လာတော့မယ့် ဘေးလ်

ရီးရဲလ် မက်ဒရစ်နဲ့ စပါးအသင်းတို့ရဲ့ ကစားသမားဟောင်းကြီး ဂါရက်ဘေးလ်ဟာ ဘောလုံးလောကကနေ အနားယူပြီး တစ်နှစ်ကျော်အကြာမှာ အင်္ဂလန်လိဂ်ဝမ်းကလပ်တစ်ခုကို ဝယ်ယူဖို့အတွက် ဦးဆောင်ဆွေးနွေးမှုတွေ ပြုလုပ်နေတာကြောင့် ဘောလုံးလောကထဲကို အံ့အားသင့်ဖွယ် ပြန်လည်ဝင်ရောက်လာတော့မှာ ဖြစ်ပါတယ်။

၂၀၂၂ ကာတာကမ္ဘာ့ဖလားမှာ ဝေးလ်စ်အသင်းခေါင်းဆောင်အဖြစ် နောက်ဆုံးကစားပြီး ၂၀၂၃ ဇန်နဝါရီလမှာ ဘောလုံးသမားဘဝကနေ အနားယူခဲ့တဲ့ ဘေးလ်ဟာ အခုအခါမှာတော့ ကွင်းပြင်ပကနေ ဘောလုံးလောကကို ပြန်လည်ပတ်သက်လာဖို့ ပြင်ဆင်နေပါပြီ။ စပါးအသင်းမှာ နှစ်ကြိမ်တိုင်တိုင်ခြေစွမ်းပြခဲ့ပြီး ရီးရဲလ် မက်ဒရစ်နဲ့အတူ လာလီဂါဖလား ၃ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၅ ကြိမ်အပါအဝင် ဆုဖလားပေါင်းများစွာကို သိမ်းပိုက်အောင်မြင်ခဲ့တဲ့ ဘေးလ်ဟာ အခုအခါမှာတော့ လိဂ်ဝမ်းကလပ် ပလိုင်းမောက်အသင်းရဲ့ ပိုင်ရှင်အဖြစ် မြင်တွေ့ရဖွယ်ရှိနေပါတယ်။

Photo Credit : Goal

The Telegraph သတင်းဌာနရဲ့ ဖော်ပြချက်အရ ဘေးလ်ဟာ အမေရိကန်အခြေစိုက် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုအုပ်စုတစ်ခုရဲ့ ကိုယ်စားလှယ်အဖြစ် ပလိုင်းမောက်အသင်းကို ဝယ်ယူဖို့အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ ဒီအမေရိကန်အုပ်စုဟာ လိဂ်ဝမ်းကလပ်ရဲ့ ပိုင်ဆိုင်ခွင့်ကို ရယူဖို့အတွက် ဘေးလ်နဲ့ ပူးပေါင်းပြီး သဘောတူညီချက်ရရှိအောင် ကြိုးပမ်းနေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီက ချန်ပီယံရှစ်ကနေ တန်းဆင်းခဲ့ရတဲ့ ပလိုင်းမောက်အသင်းဟာ မကြာသေးခင်ကမှ နည်းပြချုပ်အဖြစ် တွမ် ကလီဗာလေကို ခန့်အပ်ထားပါတယ်။ လက်ရှိအသင်းပိုင်ရှင် ဆိုင်မွန် ဟားလက်တ်ကလည်း အသင်းအတွက် ရင်းနှီးမြှုပ်နှံမှုအသစ်တွေ ရှာဖွေနေခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့လက အမေရိကန်ရင်းနှီးမြှုပ်နှံသူတွေနဲ့ သဘောတူညီချက်ပျက်ပြယ်ခဲ့ကြောင်း အတည်ပြုထားပါတယ်။

Photo Credit : Daily Mail

တကယ်လို့ ဘေးလ်ဦးဆောင်တဲ့ အုပ်စုရဲ့ အသင်းဝယ်ယူမှု အောင်မြင်ခဲ့မယ်ဆိုရင် သူဟာ သူ့ရဲ့ စပါးနဲ့ ရီးရဲလ်က အသင်းဖော်ဟောင်း လူကာ မိုဒရစ်ရဲ့ ခြေရာကို နင်းနိုင်မှာဖြစ်ပါတယ်။ မိုဒရစ်ဟာ ပြီးခဲ့တဲ့ ဧပြီလက ချန်ပီယံရှစ်ကလပ် ဆွမ်ဆီးစီးတီးရဲ့ အနည်းစုရှယ်ယာဝင်တစ်ဦး ဖြစ်လာခဲ့ပါတယ်။ ဒီနေ့ခေတ်မှာ နာမည်ကျော်ဘောလုံးသမားတွေနဲ့ တခြားနယ်ပယ်က ထင်ရှားသူတွေ ကလပ်အသင်းတွေမှာ ရှယ်ယာဝင်ပိုင်ဆိုင်မှုတွေ ပြုလုပ်လာတာက ခေတ်စားနေတဲ့အရာတစ်ခုပါ။

NFL ဂန္ထဝင်ကစားသမား တွမ် ဘရေဒီက ဘာမင်ဂမ်စီးတီးမှာ ရင်းနှီးမြှုပ်နှံထားသလို ဟောလိဝုဒ်မင်းသား မိုက်ကယ် ဘီ ဂျော်ဒန်က ဘုန်းမောက်နဲ့ NFL ကြယ်ပွင့် ဂျေဂျေ ဝပ်က ဘန်လေမှာ ရှယ်ယာတွေ ပိုင်ဆိုင်ထားပါတယ်။ ဒါ့အပြင် ဂယ်ရီ နဗီးလ်နဲ့ ဒေးဗစ် ဘက်ခမ်းတို့က ဆဲလ်ဖို့ဒ်စီးတီးကို ပိုင်ဆိုင်ထားပြီး ဟောလိဝုဒ်မင်းသား ရိုင်ယန် ရေးနိုးလ်နဲ့ ရော့ဘ် မက်အယ်လ်ဟင်နီတို့ကလည်း ရက်စ်ဟမ်းအသင်းကို အပျော်တမ်းတန်းကနေ ချန်ပီယံရှစ်အထိ တက်လှမ်းနိုင်အောင် စွမ်းဆောင်ပြထားပါတယ်။

Exit mobile version